ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC အဖွဲ့နဲ့ မြန်မာ့ငြိမ်းချမ်းရေးစင်တာက Technical team နည်းပညာအထောက်အကူပြုအဖွဲ့ဟာ နိုင်ငံရေးဆွေးနွေးပွဲတစ်ရပ်ကျင်းပနိုင်ဖို့အတွက် ဇူလိုင် ၁၃ ရက်နေ့မနေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တစ်ရက်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
အဲဒီဆွေးနွေးပွဲမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၁ ဖွဲ့ပူးပေါင်းဖွဲ့စည်းထားတဲ့ UNFC ဖက်က နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ကိစ္စတွေကို အဓိကဆွေးနွေးခဲ့ပြီး မြန်မာငြိမ်းချမ်းရေးစင်တာက Technical team အဖွဲ့ကတော့ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေးကို လက်မှတ်ထိုးဖို့ကိစ္စကို အဓိကဆွေးနွေးခဲ့ကြတယ်လို့ UNFC အဖွဲ့ဖက်က ဦးဆောင်ဆွေးနွေးခဲ့တဲ့ ဖဒိုမန်းမန်းက ပြောပါတယ်။
"ကျနော်တို့က မူဘောင်ရဲ့ အသေးစိတ်ကိုတော့ မသွားပါဘူး။ နိုင်ငံရေး မူဘောင်ဆွေးနွေးဖို့ အတွက်ကို ဘယ်နေ့ဘယ်ရက်မှာ ဘယ်အချိန်မှာ ဆွေးနွေးမယ်ဆိုတဲ့ ကိစ္စပဲ ကျနော်တို့ အဓိက ဆွေးနွေးပါတယ်။ ဒီ တပြည်လုံး အပြစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်တဲ့ လက်မှတ်ထိုးဖို့ ကိစ္စနဲ့က နည်းနည်းလေး ကျနော်တို့က ပြောဆိုစရာ နည်းနည်း ဖြစ်လာတယ်ပေါ့နော်၊ တစ်ပြည်လုံး အပြစ်အခတ် ရပ်စဲရေးကို Nationwide cesefire accord အဲ့ဒါကို ထိုးဖို့ဆိုရင် ကျနော်တို့ က ဒီ နိုင်ငံရေးအရပါ ဆွေးနွေးမှု မူဘောင်ပါ တထပ်တည်း ရရမယ်ပေါ့၊ ဒါပေမယ့် သူတို့ဖက်က တပြည်လုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီးမှသာ နိုင်ငံရေး ဆွေးနွေးမှုကို ဆက်သွားမယ် ဆိုပြီးတော့ အဆင့်နှစ်ဆင့် အကန့်နှစ်ကန့် ကို ခွဲထားလိုက်တယ်။"
တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ထိုးပွဲကျင်းပပြီး နိုင်ငံရေးအရ ဆက်လက်ဆွေးနွေးနိုင်မှု မရှိဘူးဆိုရင် တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ထိုးပွဲ ဖြစ်နိုင်မှာမဟုတ်ကြောင်း UNFC က တင်ပြဆွေးနွေးခဲ့တဲ့အတွက် နောက်တစ်ကြိမ် ထပ်မံတွေ့ဆုံဆွေးနွေးကြဖို့ သဘောတူခဲ့ကြတယ်လို့ ဖဒိုမန်းမန်းက ဆက်ပြောပါတယ်။
“တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး သွားပြီးမှသာလျှင် နိုင်ငံရေးဆွေးနွေးမှုကို သွားမယ်ဆိုတော့ ဒါ သူတို့ဖက်က၊ ကျနော်တို့ဖက်က တပြည်လုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးတဲ့ တချိန်တည်းမှာ နိုင်ငံရေးအရ သဘောတူညီချက်ရရမယ်။ ဆိုလိုတာကတော့ နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ကို တစ်ပြိုင်တည်း သဘောတူညီချက်ပါရမယ်ဆိုတဲ့ဟာမှာ Technical team အနေနဲ့ပဲ ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ဖက်ကလဲအထက်ကို ပြန်တင်မယ်၊ သူတို့ဖက်ကလဲပဲ အထက်ကို ပြန်တင်မယ်ပေါ့နော်၊ နောင်တစ်ကြိမ် ဆွေးနွေးဖို့အတွက်ကိုတော့ ဇူလိုင်လ ၂၀ ရက်နောက်ပိုင်းမှာ ကျနော်တို့ကို အကြောင်းပြန်ပေးမယ်ပြောတယ်”
UNFC အဖွဲ့ရဲ့ ကိုယ်စားလှယ်တွေကနေပြီး ကြားခံဖြေရှင်းပေးနိုင်ဖို့အတွက် နိုင်ငံရေးဆွေးနွေးမှုတွေမှာ လွတ်လပ်တဲ့ တတိယနိုင်ငံတွေပါဝင်လာဖို့ တောင်းဆိုရာမှာ မြန်မာငြိမ်းချမ်းရေးစင်တာရဲ့ နည်းပညာအထောက်အကူပြုအဖွဲ့က ကန့်သတ်မှုတွေရှိနိုင်ပြီး လေ့လာသူအနေနဲ့သာဖြစ်နိုင်ကြောင်း ပြောခဲ့တယ်လို့ သိရပါတယ်။
တဆက်တည်းမှာပဲ နှစ်ပေါင်း ၆ဝ ကျော် တော်လှန်တိုက်ခိုက်ခဲ့တဲ့ တိုင်းရင်းသားနယ်မြေတွေမှာ တိုင်းရင်းသားတွေကိုယ်တိုင် လူသားခြင်းစာနာမှု ဝန်ဆောင်မှုကိစ္စတွေနဲ့ ပတ်သက်ပြီး ကိုယ်တိုင်စီမံခန့်ခွဲနိုင်ရေးနဲ့ နိုင်ငံတကာအကူအညီတွေကို တိုက်ရိုက်လက်ခံရရှိနိုင်ရေးကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။