ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စ ရန်ဟီးလီ Ms. Yanghee Lee က ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း က ဦးကိုကိုကြီး၊ လက်ပံတောင်းတောင်အရေး ကူညီပေးနေတဲ့ ဆရာတော်တွေအပြင် မိကျောင်းကန် သပိတ်စခန်းက ဆန္ဒပြနေသူတချို့နဲ့ ဒီနေ့ ရန်ကုန်မြို့ ဗဟန်းမြို့နယ်မှာရှိတဲ့ ကုလသမဂ္ဂ ဖံ့ွဖြိုးတိုးတက်ရေး အစီအစဉ် UNDP ရုံးမှာ မနေ့က တွေ့ဆုံခဲ့ပါတယ်။
တွေ့ဆုံရာမှာ ပါဝင်ခဲ့တဲ့ ဆည်တည်းကျေးရွာက ဆရာတော် အရှင်စန္ဒာသီရိက လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းပဋိပက္ခနဲ့ ပတ်သက်ပြီး အစိုးရရဲ့ သတင်းထုတ်ပြန်ချက်တွေဟာ မမှန်ကန်ကြောင်း မိန့်ကြားခဲ့တယ်လို့ အခုလို မိန့်ပါတယ်။
"နိုင်ငံပိုင်သတင်းစာက လက်ပံတောင်းနဲ့ ပတ်သက် ပြီးတော့ ကြေညာချက်တွေ ထုတ်တယ်ပေါ့နော်၊ အဲ့ကြေညာချက်တွေမှာဆိုရင် တစ်နိုင်ငံလုံးကို လိမ်ညာနေတဲ့ အကြောင်းအရာတွေပေါ့နော်၊ လက်ပံတောင်းတောင်ဒေသခံ တောင်သူလယ်သမားတွေဟာ မြေယာလျော်ကြေး ထုတ်ယူခွင့်မရှိဘူး၊ ထုတ်ယူမှု မရှိတဲ့အရာတွေကို အားလုံးထုတ်ပြီးပါပြီဆိုတဲ့ ကြေညာချက်ပေါ့နော်၊ နောက်ပြီးတော့ လက်မှတ်တွေရနေတာ သူတို့လုပ်ချင်သလို လုပ်လို့ရတယ်ဆိုပြီးတော့ တရုတ်တွေကိုယ်တိုင်က တောင်သူ လယ်သမားတွေအပေါ် ရိုက် နှက်တာတွေ အထူးသဖြင့် မြေယာလျော်ကြေးယူမှုမရှိတဲ့အပေါ် ဒီလို မတရားမှုတွေအပေါ် ဖွင့်ပြောပြတာပေါ့"
မစ္စရန်ဟီးလီဟာ ရန်ကုန်မြို့ကိုရောက်ရှိခဲ့တဲ့ မနက်ပိုင်းမှာပဲ အင်းစိန်အကျဉ်းထောင်က အကျဉ်းသားတွေကို သွားရောက်တွေ့ဆုံခဲ့ပါတယ်။ ဒီကနေ့မနက်မှာ အမျိုးသမီးအခွင့်အရေး ဆောင်ရွက်သူနေသူတွေ နဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။
ခရီးစဉ်အတွင်း ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကိစ္စ၊ နိုင်ငံရေးအကျဉ်းသားကိစ္စတွေနဲ့ လာမယ့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှာ ဆွေးနွေးမယ့် မျိုးစောင့်ဥပဒေမူကြမ်းကိစ္စတွေကိုလည်း ဆွေးနွေးမယ်လို့ သိရပါတယ်။ ဒါ့ပြင် ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းကို သွားရောက်တွေ့ဆုံပြီး လူ့အခွင့်အရေး အခြေအနေတွေကို လေ့လာမှာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်ကို ဇန်နဝါရီ ဂ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ သွားရောက်မှာဖြစ်ပြီး၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် နဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။ အဲဒီနောက် မြေပုံမြို့နဲ့ စစ်တွေမြို့တွေမှာရှိတဲ့ ဒုက္ခသည်စခန်းတွေကို သွားရောက်လေ့လာ မှာဖြစ်ပြီး၊ ပြည်ထောင်စုအဆင့် အရေးပေါ်ပေါင်းစပ် ညှိနှိုင်းရေးဌာန ECC က တာဝန်ရှိသူတွေ၊ ရခိုင်နဲ့ ဘင်္ဂါလီ လူ့အဖွဲ့အစည်းနှစ်ခုက ကိုယ်စားလှယ်တွေနဲ့ သီးခြားစီ တွေ့ဆုံမယ်လို့ သိရပါတယ်။
ဒီအတွင်း မစ္စ ရန်ဟီးလီ ရခိုင်ပြည်နယ်ကိုရောက်တဲ့အခါ စစ်တွေမြို့ခံတွေက ဆန္ဒပြကြဖို့ စီစဉ်နေကြပါတယ်။ ဒီဇင်ဘာလ ၂၉ ရက်နေ့က ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံက ရိုဟင်ဂျာဆိုသူတွေ ကို မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်ပြုပြီး အခွင့်အရေး အပြည့်အဝပေးဖို့ ဆုံးဖြတ်ခဲ့တာဟာ မစ္စ ရန်ဟီးလီရဲ့ ပထမခရီးစဉ် အစီရင်ခံစာကြောင့်ဖြစ်တဲ့အတွက် ဆန္ဒပြကြမှာဖြစ်ကြောင်း သိရပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်ရဲ့ မြန်မာနိုင်ငံခရီးစဉ်အပေါ် အမျိုးသမီးအရေး၊ နိုင်ငံရေး အကျဉ်းသားအရေးနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေရဲ့ သဘောထားတွေကို RFA သတင်းထောက် မဝေမာထွန်း က စုစည်းတင်ပြထားပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စရန်ဟီးလီရဲ့ ရခိုင်ပြည်နယ်ခရီးစဉ်နဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းကို RFA အဖွဲ့သူ မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
