နယ်စည်းမခြား ဆရာဝန်များအဖွဲ့ ကို ပြည်နယ်အစိုးရ ပြန်လည် ဖိတ်ခေါ်


2014.07.24
msf-press-305.jpg ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဇန်နဝါရီလ ၃ ရက်နေ့က နယ်စည်းမခြား ဆရာဝန်များအဖွဲ့ MSF ရုံးမှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲကို တွေ့ရစဉ်
photo: RFA/ Min Thein Aung

ရခိုင်ပြည်နယ်မှာ ကျန်းမာရေးကူညီစောင့်ရှောက်မှု လုပ်ငန်းတွေမလုပ်ဖို့ တားမြစ်ခံထားရတဲ့ နယ်စည်းမခြားဆရာဝန်များအဖွဲ့ MSF ကို ကျန်းမာရေး ဝန်ကြီးဌာနနဲ့ ပြန်လည်ပူးပေါင်းဆောင်ရွက်ဖို့ ဖိတ်ခေါ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့က မနေ့က ကြေညာချက်ထုတ်ပြန် တောင်းဆိုခဲ့ပါတယ်။

နယ်စည်းမခြားဆရာဝန်များအဖွဲ့ MSF ရဲ့လုပ်ငန်းတွေ ကို ရခိုင်ပြည်နယ်အတွင်းမှာ ပြန်လည်လုပ်ကိုင်စေ ဖို့အတွက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း က စစ်တွေမြို့က ရပ်မိရပ်ဖတွေ၊ အရပ်ဘက်လူမှု အဖွဲ့အစည်းတွေနဲ့ မနေ့က သီးသန့်တွေ့ဆုံဆွေးနွေး ခဲ့တယ်လို့လည်း ညွှန်ကြားရေးမှူး ဦးမိုးဟိန်း က ပြောပါတယ်။

ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေ၊ လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းတွေနဲ့ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ လုပ်ငန်းတွေအတွက် နယ်စည်းမခြားဆရာဝန်များအဖွဲ့ MSF အနေနဲ့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက် ဖို့ တောင်းဆိုထားပါတယ်။

နယ်စည်းမခြားဆရာဝန်များအဖွဲ့ MSF ဟာ ရခိုင်ပြည်နယ်ထဲမှာ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေကို ခွဲခြားကူညီပေးနေတယ်ဆိုပြီး ရခိုင်ပြည်နယ်ကနေ အပြီးအပိုင်ထွက်ခွာပေးဖို့ ပြီးခဲ့တဲ့ ဖော်ဖော်ဝါရီလက ရခိုင်တိုင်းရင်းသားတွေက ဆန္ဒပြတောင်းဆိုခဲ့တဲ့အတွက် အစိုးရက နယ်စည်းမခြားဆရာဝန်များအဖွဲ့ရဲ့ ရခိုင်ပြည်နယ်အတွင်း ကူညီပေးရေးလုပ်ငန်းတွေကို ယာယီရပ်ဆိုင်းစေခဲ့တာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာရေး ကူညီမှုတွေဆောင်ရွက်နေကြတဲ့ နိုင်ငံတကာ အဖွဲ့ပေါင်း (၂၄) ဖွဲ့ ရှိခဲ့ပါတယ်။

အခုလို MSF ကိုပြန်လည်ဖိတ်ခေါ်တာနဲ့ပတ်သက်ပြီး သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက လူတွေဖြစ်တဲ့အတွက် နှစ်ဘက်လုံးမှာ အမှားအယွင်း ရှိမှာပဲဖြစ်ကြောင်း၊ ကူညီရေးအဖွဲ့အားလုံး  အထူးသဖြင့် MSF ကို မိမိတို့နဲ့ အတူ ပြန်လည်လက်တွဲဆောင်ရွက်ဖို့ ဖိတ်ခေါ်ပါကြောင်း၊ ရခိုင်ပြည်နယ်မှာ ကူညီရေးဝန်ထမ်းတွေ လုံခြုံရေး အတွက် အာမခံပါကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

နယ်စည်းမခြားဆရာဝန်များအဖွဲ့ MSF ဟာ ရခိုင်ပြည်နယ်မှာ ကူညီရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တာ၂၂နှစ် ရှိပြီဖြစ်ပြီး၊ ဝန်ထမ်းပေါင်း ငါးရာ ဝန်းကျင် ရှိတဲ့ အကြီးဆုံးကူညီရေးအဖွဲ့လည်းဖြစ်ပါတယ်။

အခုအခါ ကူညီရေးအဖွဲ့တွေက ဝန်ထမ်းတွေ ၇ဝ ရာနှုန်းလောက် မြန်မာပြည်ပြန်ရောက်နေကြပြီလို့ ကုလ သမဂ္ဂ က ခန့်မှန်းပါတယ်။ ဒါပေမဲ့ အဲဒီထဲမှာ MSF က ဝန်ထမ်းတွေ မပါဝင်သေးပါဘူး။

အခုလို အစိုးရက ပြန်လည်ဖိတ်ကြားတဲ့အပေါ် MSF က ကြိုဆိုလိုက်ပြီး၊ အကြပ်အတည်းတွေကြားကနေ အသက်ကယ်လုပ်ငန်းတွေ တိုးချဲ့ဆောင်ရွက်သွားဖို့ မျှော်လင့်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။