ရခိုင်ပြည်နယ် စစ်တွေမြို့မှာ လုပ်ငန်းတွေဆောင်ရွက်နေတဲ့ MSF (Medecins Sans Frontieres) ခေါ် နယ်စည်းမခြား ဆရာဝန်များအဖွဲ့က ဒီနေ့ စစ်တွေမြို့မှာ သတင်းစာရှင်းလင်းပွဲကျင်းပပြီး MSF ရဲ့ ကျန်းမာရေးလုပ်ငန်းတွေနဲ့ ပတ်သက်တာတွေ ကို ရှင်းပြခဲ့ပါတယ်။
MSF ရဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အရေးပေါ်စီမံကိန်း တာဝန်ခံ Mr. Simon Tyler က သူတို့ရဲ့ ကျန်းမာရေး အကူညီပေးမှုတွေမှာ အဟန့်အတားရှိနေတာတွေကို လက်မခံကြောင်းပြောပါတယ်။
"ကျွန်တော်အဓိကထား ရှင်းပြချင်တာက ကျွန်တော်တို့အဖွဲ့က အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေတဲ့ လူနာတွေကို အကူအညီပေးရာမှာ အနှောက်အယှက်ခံရတာတွေ ရှိနေပါတယ်။ ကျွန်တော်တို့ဟာ အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေသူတွေကို ကူညီနေတာသာဖြစ် ပါတယ်။ အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေသူတွေရဲ့အသက်ဟာ ကျွန်တော်တို့ရဲ့ ကူညီမှုုအပေါ်မှာ မူတည်နေတဲ့အတွက် အဲဒီလိုလုပ်ငန်းတွေကို နှောက်ယှက်နေတာတွေကိုတော့ လုံးဝလက်မခံနိုင်ပါဘူးလို့" ပြောသွားတာပါ။
ပြီးခဲတဲ့ သတင်းပတ်တွေအတွင်းက စစ်တွေနဲ့ မြောက်ဦးမြို့မှာ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ကို ဆန္ဒပြတာတွေရှိခဲ့ပါတယ်။
ဒေသခံ ရခိုင်တိုင်းရင်းသားတွေရဲ့ အဆိုအရ MSF အဖွဲ့ဟာ မွတ်စလင်တွေကိုသာ အကူညီပေးပြီး ဒေသခံရခိုင်တွေကို အကူအညီမပေးဘူးလို့ ပြောဆိုမှုတွေရှိနေပါတယ်။
လူမှုကူညီရေးလုပ်ငန်းတွေကို လုပ်ကိုင်ရာမှာ အစိုးရရဲ့ သဘောတူညီချက် နဲ့ပြုလုပ်တာဖြစ်တဲ့ အတွက် ပြည်နယ်အစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်ရေးဟာ အဓိကကျကြောင်းလည်း MSF တာဝန်ရှိသူတွေက ပြောပါတယ်။
နယ်စည်းမခြားဆရာဝန်များအဖွဲ့MSF အနေနဲ့ ကမ္ဘာ့နိုင်ငံပေါင်း ၆၀ ကျော်မှာ ကျန်းမာရေးစောင့်ရှောက်မှုတွေဆောင်ရွက်နေတာဖြစ်ပြီး ရခိုင်ပြည်နယ်မှာတော့ လွန်ခဲ့တဲ့ ၁၉၉၃ ခုနှစ်က စတင်ပြီး အကူအညီတွေ ဆောင်ရွက်ပေးခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။