မနေ့က နိုဝင်ဘာလ ၂၆ရက်နေ့က ရွှေတွင်းလုပ်သားကိုယ်စားလှယ် ၅ဦးနဲ့ သူတို့ရဲ့ ရှေ့နေဦးဌေးတို့ကို အမှတ် ၂ သတ္တုတွင်းဌာန ညွှန်ကြားရေးမှုး ဦးဆောင်တဲ့ အစိုးရအဖွဲ့က တာဝန်ရှိသူတွေနဲ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး၊ နှစ်ဖက်သဘောတူညီချက်တွေအရ အလုပ်သမားတွေ၊ သတ္တုတွင်းဝန်ကြီးဌာန ကိုယ်စားလှယ်တွေနဲ့ ကုမ္ပဏီက တာဝန်ရှိသူတွေဟာ လာမယ့် ဒီဇင်ဘာ ၃ရက်နေ့ ဆွေးနွေးညှိနှိုင်းပြီး ပြဿနာဖြေရှင်းကြဖို့နဲ့ လောလောဆယ်မှာတော့ ရမည်းသင်းမြို့က ရန်ကြီးအောင်ကျောင်းတိုက် မှာ နေရာချထားပြီး စောင့်ဆိုင်းဖို့ သဘောတူခဲ့ကြပါတယ်။
ဒါပေမယ့် ဒီသဘောတူညီချက်ကို အာဏာပိုင်တွေဘက်က ဖောက်ဖျက်ပြီး သူတို့ကို မြို့နဲ့ဝေးတဲ့ ပျဉ်းမတောရွာကို ပို့ဆောင်ခဲ့တာလို့ ရွှေတွင်းလုပ်သားတစ်ဦးက RFA ကို ပြောပါတယ်။
ဒီအတောအတွင်းမှာပဲ နိုဝင်ဘာ ၂၃ရက်နေ့က တောင်ငူခရိုင် ရေနီမြို့အနီးမှာ ဖမ်းဆီးခံခဲ့ရတဲ့ မိုးထိမိုးမိရွှေတွင်း အလုပ်သမားခေါင်းဆောင် ၄ဦးကို လာမယ့် နိုဝင်ဘာ ၃ဝရက်နေ့မှာ ရုံးထုတ်စစ်ဆေးမှာဖြစ်ပြီး၊ အလုပ်သမား ခေါင်းဆောင် ၂ဦးဟာ ဖမ်းဆီးစဉ်က လုံထိန်းတွေရဲ့ ရိုက်နှက်မှုခံရတာကြောင့် တောင်ငူထောင်ဆေးရုံမှာ ဆေးကုသမှုခံယူခဲ့ရပါတယ်။
မိုးထိမိုးမိ ရွှေလုပ်သားတွေဟာ နိုဝင်ဘာ ၈ရက်နေ့ကစပြီး ရန်ကုန်မြို့ကနေ နေပြည်တော်ကို လမ်းလျှောက်ချီတက်လာခဲ့ကြရာ နိုဝင်ဘာ ၂၃ရက်နေ့ တောင်ငူခရိုင် ရေတာရှည်မြို့အရောက်မှာ အာဏာပိုင်တွေရဲ့တားဆီးခြင်းကိုခံခဲ့ရပါတယ်။
မိုးထိမိုးမိရွှေတွင်းလုပ်သားတွေရဲ့ လက်ရှိအခြေအနေကို အလုပ်သမားခေါင်းဆောင်တစ်ဦးကို RFA ၀ိုင်းတော်သူ ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
| အသံဖိုင်နားထောင်ရန် |
|
| အသံဖိုင်ယူရန်။ |