ဒီကနေ့ တရားရုံးတင် စစ်ဆေးရာမှာ အလုပ်သမားခေါင်းဆောင်တွေအတွက် အာမခံ မပေးဘူးလို့ သိရပါတယ်။ ရုံးတင်စစ်ဆေးခဲ့တဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ရှေ့နေ ဦးဌေးက RFA ကို အခုလို ပြောပါတယ်။
"ဒီနေ့ အာမခံမရဘူး၊ ပုဒ်မ ၁၈ တိုးသွားတယ်၊ ဒီနေ့စစ်တာကတော့ မြို့နယ်ရဲတပ်ဖွဲ့မှုး စစ်တယ်၊ ILO စစ်တယ်၊ နောက် ရေနီက ရပ်ကွက်အုပ်ချုပ်ရေးမှုးကို စစ်တယ်ပေါ့၊ ၃ ရက်နေ့ ညှိနှိုင်းစီစဉ်တာကို မူတည်ပြီးတော့ လူကြီးတွေကို တင်ပြပေးမယ်ပေါ့၊ တရားရုံးကိစ္စဆိုတော့လည်း ပြောရတာခက်တယ်"
နောက်ထပ် ရုံးချိန်းကိုတော့ ဒီဇင်ဘာလ (၆)ရက်နေ့ကို ထပ်မံချိန်းဆိုလိုက်ပါတယ်။ မိုးထိမိုးမိ အလုပ်သမားတွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလထဲက ရန်ကုန်မြို့ကနေ နေပြည်တော်အထိ ချီတက်လမ်းလျှောက် ဆန္ဒပြခဲ့ကြတာဖြစ်ပြီး အလုပ်သမား ခေါင်းဆောင် (၄)ဦးဟာ ရေနီမြို့အရောက်မှာ အာဏာပိုင်တွေရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရတာပါ။
