အဲဒီ ပေါက်ကွဲခဲ့မှုနဲ့ ပတ်သက်ပြီး မူဆယ်မြို့ခံတစ်ဦးက အာအက်ဖ်အေကို အခုလို ပြောပါတယ်။
"ဖြစ်တာတော့ ၅ နာရီကနေ စဖြစ်တယ်။ ကားအဝင် အထွက်နားမှာ၊ ၁၀၅ မိုင် ခရီးသည်တွေ စစ်တဲ့နေရာ ဂိတ်နားမှာ၊ ဂိတ်ထဲမှာပဲ ခရီးသည်တွေ ဘာတွေ ကြည့်ပြီးမှ၊ အဲဒီ မှတ်ပုံတင်တွေ ဘာတွေ စစ်တဲ့ အဲဒီ ဂိတ်နားမှာပဲ လဝက ကတစ်ယောက် တခါတည်း သေသွားတယ်။ နာမည်တော့ မသိဘူး။ ဒဏ်ရာတော့ တစ်ယောက်မှ မရဘူး။ တစ်ယောက်ပဲ သေသွားတယ်။"
ဗုံးဒဏ်ကြောင့် သေဆုံးသွားတဲ့ လူဝင်မှုကြီးကြပ်ရေး အရာရှိကိုတော့ မူဆယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားပြီး စစ်ဆေးမှုတွေ လုပ်နေတယ်လို့ ဆက်ပြောပါတယ်။
ဗုံးပေါက်ကွဲခဲ့ရတဲ့ ဖြစ်စဉ်အသေးစိတ် သိရှိနိုင်ဖို့ ရဲစခန်းကို ဆက်သွယ်ခဲ့ရာ မူဆယ်ခရိုင် ရဲစခန်းက မြို့နယ်ရဲစခန်းကိုပဲ မေးမြန်းဖို့ ပြောဆိုခဲ့လို့ မြို့နယ်ရဲစခန်းကို ဆက်သွယ်မေးမြန်းရာ တာဝန်ကျ ရဲအရာရှိတစ်ဦးက ပေါက်ကွဲ သေဆုံးကြောင်း အတည်ပြု ပြောဆိုပေမယ့် အသေးစိတ် ပြောဆိုနိုင်ခြင်း မရှိကြောင်း ပြောပါတယ်။
မူဆယ်မြို့နယ် အတွင်းမှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့ ညတုန်းကလည်း ဟိုမွန်ရပ်ကွက် အတွင်းမှာရှိတဲ့ စသုံးလုံးရုံးရှေ့မှာ ဗုံးတစ်လုံး ပေါက်ကွဲခဲ့သလို ဒီဇင်ဘာလ ၃ ရက်မှာလည်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် အပြင်ဖက်က လမ်းမကြီးအနီး စစ်ဆေးရေးဂိတ်ရှေ့မှာ ဗုံးပေါက်ကွဲမှု တစ်ခုဖြစ်ခဲ့လို့ လူနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိပါတယ်။
နောက်ဆုံးရတဲ့ ဆင်ဟွာသတင်းမှာ သေဆုံးသူ အရာရှိဟာ ဦးကြည်ထွန်းလို့ ဖော်ပြထားပါတယ်။
