အနာဂတ်မှာ ဘာသာရေးဆန်ဆန် ပဋိပက္ခတွေ မဖြစ်ရအောင် ရည်ရွယ်ချက်နဲ့ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးနဲ့ ညီညွှတ်ရေး တွေ့ဆုံပွဲကို ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် နွယ်နီ ၁၃ လမ်းမှာရှိတဲ့ ဗေသလ ကရင်နှစ်ခြင်း အသင်းတော်မှာ ဒီနေ့ကျင်းပပြုလုပ်ပါတယ်။
ဘာသာရေး ပဋိပက္ခတွေ မဖြစ်အောင် အခြေခံအချက် သုံးချက်ကို လိုက်နာဖို့ လိုအပ်တယ်လို့ ဗေသလ ကရင်နှစ်ခြင်း အသင်းတော်ရဲ့ သင်းအုပ်ဆရာ စောအောင်ထွန်းဆောင်က အခုလို ပြောကြားပါတယ်။
"ကျနော်ဒီကနေ့ အဓိကထားပြောချင်တဲ့အကြောင်းကတော့ တရားသောအမှုကိုပြင်ပါ၊ ချစ်ခြင်းမေတ္တာကို တည်ဆောက်ပါ၊ ကျနော်တို့ တစ်ဦးနဲ့တစ်ဦး သည်းခံ၊ နှိမ့်ချ၊ ခွင့်လွှတ်မယ်ဆိုခဲ့လို့ရှိရင် ယနေ့ကျနော်တို့နှစ်ယောက် လက်ဆွဲနှုတ်ဆက်နိုင်မှာဖြစ်ပါတယ်"
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့ဘောင်ဖော်ဆောင်ရေးအဖွဲ့က ဦးကိုကိုကြီးကတော့ အခုလို ဆွေးနွေးပွဲမျိုးတွေဟာ ဘာသာရေးဆိုင်ရာ တွေ့ဆုံ ဆွေးနွေးမှုတင်မကပဲ၊ နိုင်ငံ တည်ဆောက်ရေး အတွက်ပါ အရေးကြီးကြောင်း ပြောပါတယ်။
“နိုင်ငံတည်ဆောက်ရေးမှာ လူမျိုးမရွေး၊ ဘာသာမရွေး၊ နိုင်ငံသားတိုင်း တန်းတူအခွင့်အရေးရရမယ်ဆိုတဲ့ အခြေခံပေါ်မှာ ငြိမ်းချမ်းရေးနဲ့ ညီညွှတ်ရေးကို တည်ဆောက်ဖို့ သိပ်အရေးကြီးပါတယ်၊ ဒါဟာ ဘာသာရေးကွဲပြားမှုအကြားမှာ တွေ့ဆုံဆွေးနွေးတဲ့ ပွဲတင်မကပဲနဲ့ နိုင်ငံတည်ဆောက်ရေးအတွက်ပါ အရေးပါတယ်၊ ဒါကြောင့်မို့လို့ ဒီလိုပွဲမျိုးဟာ နေရာဒေသအသီးသီးမှာ ဘာသာပေါင်းစုံ ချစ်ကြည်ရင်းနှီးမှုရဖို့အတွက် ဒီ့ထက်ကျယ်ပြန့်အောင် အားလုံးဝိုင်းကြိုးစားပေးပါ”
ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသား ရေးရာ ဝန်ကြီး ဦးစောထွန်းအောင်မြင့်အပြင် မြောက်ဥက္ကလာပမြို့နယ်က ဘာသာပေါင်းစုံက ခေါင်းဆောင်တွေ၊ သံဃာတော်တွေပါ ဒီတွေ့ဆုံပွဲကို ကြွရောက်ခဲ့ကြပါတယ်။