လူ ၁၅၀၀ ကျော် လှေငယ်များနဲ့ ရခိုင်ပြည်နယ်က ထွက်ခွာလာ

လူ ၁၅၀၀ ကျော်ဟာ ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားပင်လယ်အော်ထဲ ခနော်ခနဲ့လှေတွေနဲ့ ပြီးခဲ့တဲ့ သီတင်းပတ်က ထွက်ပြေးလာကြတယ်လို့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက မနေ့က ပြောကြားလိုက်ပါတယ်။

ရိုဟင်ဂျာမွတ်စလင်တွေဟာ မြန်မာနိုင်ငံထဲတရားမဝင်ဝင်လာပြီး ကျူးကျော်နေထိုင်ကြတယ်လို့ စွပ်စွဲတာတွေရှိပြီး ရခိုင်ပြည်နယ်မှာ မငြိမ်မသက်မှုတွေ မနှစ်ကစတင်ဖြစ်ပွားပါတယ်။

အကြမ်းဖက်မှုကြောင့် ဘင်္ဂလားပင်လယ်အော်ကတဆင့် ထွက်ပြေးလာကြတာတွေ သိသိသာသာများပြားလာတယ်လို့လည်း ကုလသမဂ္ဂပြောခွင့်ရပုဂ္ဂိုလ် Martin Nesirky က ပြောပါတယ်။

ခုထွက်ပြေးလာသူတွေဟာ ဘယ်ကိုဦးတည်သွားကြတယ်ဆိုတာကိုတော့ သူကမပြောပါဘူး။ ရခိုင်ပြည်နယ်မြောက်ပိုင်းကနေ လူတွေထွက်ပြေးလာတယ်ဆိုတဲ့သတင်းသာမက ရေနစ်သေဆုံးတယ်ဆိုတဲ့ သတင်းလည်းရရှိတယ်လို့ ပြောပါတယ်။

မိုးရာသီကုန်လို့ လှေနဲ့ ပင်လယ်ပြင်ထွက်နိုင်တဲ့ ရာသီစပြီမို့ လူတွေလှေနဲ့ ပိုထွက်လာကြမှာ စိုးရိမ်တယ်လို့လည်း ကုလသမဂ္ဂပြောခွင့်ရပုဂ္ဂိုလ် Martin Nesirky ကပြောကြားပါတယ်။