ရခိုင်ပြည်နယ် စစ်တွေမြို့ သဲချောင်းမှာ နစ်မြုပ်ခဲ့တဲ့ လှေပေါ်ပါသေဆုံးသူတွေအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က တစ်ဦးကို ၂ သိန်းစီ ထောင်ပံ့ကူညီခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နစ်မြုပ်သွားတဲ့ လှေဟာကူးတို့လှေဖြစ်ပြီး လူ ၈၂ ဦး လိုက်ပါလာတာဖြစ်ပြီး သဲချောင်းအဝင် ရဲဂိတ်စခန်းကို မဆိုက်ကပ်ခင် ရာသီဥတုဆိုးဝါးတာကြောင့် နစ်မြုပ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
လှေပေါ်ပါ သေဆုံးသူ ၂၂ ဦးရဲ့ အလောင်းတွေကို ရရှိခဲ့တာဖြစ်ပြီး သဲချောင်းဒေသခံများနဲ့ လှေပေါ်ပါ ပျောက် ဆုံးနေသူတွေရဲ့ ဆွေမျိုးသားချင်းတွေက ဆက်လက်ရှာဖွေဆဲဖြစ်တယ်လို့ သိရပါတယ်။
ဒီအတောအတွင်း လှေနစ်မြုပ်မူနဲ့ပတ်သက်ပြီး စိတ်မကောင်းဖြစ်ရတယ်လို့ အမေရိကန်သံရုံးက ကြေညာချက် ထုတ်ပြန်ထားသလို ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားနေတဲ့ အစိုးရတပ်တွေနဲ့ AA တပ်တွေ ဆက်တိုက်ဖြစ်ပွားနေတဲ့ စစ်ပွဲတွေနဲ့ပတ်သက်လို့လည်း စိုးရိမ်မကင်းဖြစ်ရတယ်လို့ ရေးသားထားပါတယ်။
