ရခိုင်ပြည်နယ်က မွတ်စလင် အသိုင်းအဝိုင်းလို့ သုံးရန်ညွှန်ကြား

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်ရေးအထူးကိုယ်စားလှယ် Yanghee Lee ရဲ့ မြန်မာပြည် ခရီးစဉ်အတွင်း သတင်းထုတ်ပြန်ရာမှာ ရခိုင်ပြည်နယ်က မွတ်စလင် အသိုင်းအဝိုင်းလို့သာ သုံးနှုန်းဖော်ပြဖို့ အစိုးရပိုင် မီဒီယာတွေ ကို ပြန်ကြားရေးဝန်ကြီးဌာနက ညွှန်ကြားထားပါတယ်။

ဆွစ်ဇလန်နိုင်ငံ၊ ဂျနီဗာမြို့မှာကျင်းပနေတဲ့ ၃၂ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးညီလာခံမှာ မြန်မာအစိုးရ ကိုယ်စားလှယ် တင်ပြတဲ့အတိုင်း သုံးနှုန်းဖို့ ညွှန်ကြားထားတာဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က ပြောပါတယ်။

"လက်ရှိကတော့ UN မှာလည်း ကျနော်တို့တင်သွင်းထားတာရှိတယ်၊ တင်သွင်းထားတဲ့ အသုံးအနှုန်း အတိုင်းပဲ ကျနော်တို့က သုံးသွားမှာပါ၊ ရခိုင်ပြည်နယ်က မွတ်စလင် အသိုင်းအဝိုင်း ဆိုပြီးသုံးသွားမှာပါ"

အဲ့ဒီလိုသုံးနှုန်းဖို့ မသတ်မှတ်ခင် ရခိုင်ပြည်နယ်က အစ္စလာမ် ဘာသာဝင်များဆိုပြီး သုံးနှုန်းဖို့ စဉ်းစားချက်တွေ ရှိခဲ့ပေမယ့် နောက်ဆုံးမှာ ကုလသမဂ္ဂ လူ့အခွင့်ရေး ညီလာခံမှာ တင်ပြခဲ့တဲ့အတိုင်းသာ သုံးနှုန်းဖို့ ဆုံးဖြတ် ခဲ့ကြတာဖြစ်တယ်လို့လည်း ဦးမျိုးမြင့်မောင်က ပြောပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်ကို အစိုးရပိုင်မီဒီယာလုပ်ငန်းတွေဖြစ်တဲ့ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား ၊ ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနဲ့ သတင်းနဲ့ စာနယ်ဇင်းလုပ်ငန်းတွေထံ အကြောင်းကြားစာ ပေး ပို့ထားတာဖြစ်ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms.Yanghee Lee ဟာ အခုလ ၁၉ ရက်နေ့က မြန်မာနိုင်ငံ ကိုရောက်ရှိနေတာဖြစ်ပြီး ဇူလိုင်လ ၁ ရက်နေ့မှာ မြန်မာနိုင်ငံကနေ ပြန်လည်ထွက်ခွာမှာ ဖြစ်ပါတယ်။