မူဆလင် ဒုက္ခသည် ၅၀ ခန့် ပျောက်ဆုံးနေဆဲ

မေလ ၁၃ ရက်နေ့ညက ပေါက်တောမြို့နယ်က မူဆလင် ဒုက္ခသည်တွေ စီးလာတဲ့ စက်လှေတစ်စီး နစ်မြုပ်ခဲ့ရာမှာ ဒီကနေ့အထိ လူ ၄၃ ဦး ကယ်ဆယ်နိုင်ခဲ့ပြီး လူ ၅၀ ခန့် ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့က RFA ကို အတည်ပြု ပြောကြားပါတယ်။

ပျောက်ဆုံးနေသူတွေကို ဆက်လက်ရှာဖွေနေဆဲဖြစ်ပြီး သေဆုံးသူ လူဦးရေးစာရင်း အတိအကျကိုတော့ လောလောဆယ် အတည်မပြုနိုင်သေးကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးနဲ့ မှတ်တမ်းပြုစုရေး ဆပ်ကော်မတီ ဥက္ကဌ၊ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ပြောပါတယ်။

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် ငှက်ချောင်း ဘင်္ဂလီဒုက္ခသည်စခန်းက မူဆလင်ဒုက္ခသည်တွေဟာ စက်လှေ ၇ စီးနဲ့ မုန်တိုင်းအန္တရာယ်ကာကွယ်ဖို့ ဆင်တက်မော်ဒုက္ခသည်စခန်းကို ရွှေ့ပြောင်းစဉ် ၇ စီးထဲက ၁ စီးဟာ တောင်ဦးမော် ကျေးရွာအနီးမှာ နစ်မြုပ်သွားခဲ့တာ ဖြစ်ပါတယ်။

ဒီစက်လှေပေါ်မှာ လူဦးရေ ၉၀ ကျော်ပါရှိပြီး ပျောက်ဆုံးနေတဲ့သူတွေကို ဆက်လက်ရှာဖွေနေဆဲ ဖြစ်တယ်လို့ လည်း ပြည်နယ်အစိုးရ သတင်းထုတ်ပြန်ရေးနဲ့ မှတ်တမ်းပြုစုရေးဆပ်ကော်မတီဥက္ကဌ ဦးလှသိန်းက ပြောပါတယ်။

ပြည်နယ်အစိုးရက မုန်တိုင်းကြိုတင် ကာကွယ်ရေးအတွက် မေလ ၁၂ ရက်နေ့ကစတင်ပြီး ပင်လယ်ပြင်ထဲ ထွက်ခွာတာမျိုး မလုပ်ဖို့ မုန်တိုင်းသတိပေးချက်တွေ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

ငှက်ချောင်း ဒုက္ခသည်စခန်းက မူဆလင် ဒုက္ခသည်တွေဟာ မုန်တိုင်းရှောင်ဖို့အတွက် စခန်းနဲ့ ၅ ဖာလုံလောက်ဝေးတဲ့ ကံဆိပ်တောင်ခြေကို ပြောင်းရွှေ့ဖို့ အစိုးရဖက်က စီစဉ်ပေးတာကို ငြင်းဆန်ပြီး ဆင်တက်မော် ဒုက္ခသည်စခန်းဆီကို မိမိတို့သဘောဆန္ဒနဲ့ ပြောင်းရွှေ့သွားစဉ် လှေနစ်မြုပ်တာလို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ပြောပါတယ်။