ပြန်ပို့မယ့်အစီအစဉ်ကို ရိုဟင်ဂျာတွေ ဆန့်ကျင်ဆန္ဒပြ

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ခွာသွားတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေက သူတို့ကိုမြန်မာနိုင်ငံဆီပြန်ပို့မယ့် အစီအစဉ်ကို ဆန့်ကျင်တဲ့အနေနဲ့ ဒီကနေ့ဆန္ဒပြကြပါတယ်။ ဆန္ဒပြသူတွေက သူတို့ကို မြန်မာနိုင်ငံ ပြန်မပို့ခင် နိုင်ငံသားဖြစ်ခွင့်နဲ့ လုံခြုံရေးအာမခံချက် ရရှိအောင်လုပ်ပေးဖို့ ဆိုင်းဘုတ်တွေကိုင်ဆောင်ပြီး အော်ဟစ်ကြွေးကြော်ခဲ့ကြပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံက ဒုက္ခသည်တွေအားလုံးကို ၂ နှစ်အတွင်းပြန်ပို့ဖို့နဲ့ ပြန့်ရေးအစီအစဉ်ကို နောက်တစ်ပတ်အတွင်းစတင်ဖို့ သဘောတူခဲ့ကြပါတယ်။ ဒါပေမဲ့ ဒုက္ခသည်တွေကတော့ ရခိုင်ပြည်နယ်က သူတို့နေရပ်ကို မပြန်ချင်ကြဘူးလို့ ပြောကြပါတယ်။ ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေးအဖွဲ့တွေကတော့ အခုနေရပ်ပြန်ပို့ရေးအစီအစဉ်ဟာ မိမိဆန္ဒအလျှောက် ပြန်ချင်သူတွေအတွက်သာ ဖြစ်ရမယ်လို့ ပြောဆိုထားပါတယ်။

ဒီအတောအတွင်းမှာပဲ ဘင်္ဂလားဒေ့ရှ်ရောက်နေတဲ့ ရိုဟင်ဂျာခေါင်းဆောင်တွေက ဒုက္ခသည်တွေကို မြန်မာပြည်ပြန်မပို့ခင် မြန်မာအစိုးရက ဆောင်ရွက်ပေးရမယ့် တောင်းဆိုချက်စာရင်းကို ပြုစုနေတယ်လို့ ဒီကနေ့ထုတ် ရိုက်တာစ်သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်ထဲက ရွာပေါင်း ၄၀ ကို ကိုယ်စားပြုတယ်ဆိုတဲ့ ရိုဟင်ဂျာခေါင်းဆောင် ၆ ယောက်က သူတို့ရဲ့တောင်း ဆိုချက်စာရင်းကို ကုတုပလောင်ဒုက္ခသည်စခန်းကို ရောက်လာတဲ့ ရိုက်တာစ်သတင်းဌာနက သတင်းထောက် တစ်ယောက်ကိုပြပြီး သူတို့ကို မြန်မာပြည်ပြန်ပို့တဲ့အခါ ဒုက္ခသည်စခန်းတွေမှာ အကြာကြီးထားမှာ စိုးရိမ်ကြောင်း လည်း ပြောခဲ့ပါတယ်။ မြန်မာဘာသာစကားနဲ့ ရေးထားတဲ့အဲဒီစာရင်း စာရွက်ထဲမှာ သူတို့တောင်းဆိုတာတွေ အားလုံးကိုမလိုက်လျောခဲ့ရင် ရိုဟင်ဂျာတစ်ယောက်မှ မြန်မာပြည်ကိုပြန်မှာ မဟုတ်ဘူးလို့ ဖော်ပြထားပါတယ်။

အခုအချိန်ထိ အချောမသတ်ရသေးတဲ့ တောင်းဆိုချက်မူကြမ်းမှာ မြန်မာအစိုးရအနေနဲ့ ရိုဟင်ဂျာတွေကို နိုင်ငံသားအဖြစ် သတ်မှတ်ကြောင်းနဲ့ ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံထဲက တိုင်းရင်းသားမျိုးနွယ် တစ်ခုအဖြစ် သတ်မှတ်ပေးဖို့တွေကို တရားဝင်ကြေညာပေးရမယ်လို့ ပါရှိပါတယ်။ ဒါ့အပြင် သူတို့စွန့်လွှတ်ခဲ့ရတဲ့ အိမ်တွေ၊ ပလီနဲ့စာသင်ကျောင်းတွေကိုလည်း ပြန်ပေးရမယ်လို့ ဆိုပါတယ်။ မြန်မာအစိုးရအနေနဲ့ အစိုးရသတင်းစာနဲ့ ဖေ့စ်ဘွတ်စာမျက်နှာတွေမှာ ရိုဟင်ဂျာလူမျိုးတွေရဲ့ဓါတ်ပုံတွေက အကြမ်းဖက်သမားတွေအဖြစ် ဖော်ပြတာကို ရပ်တန့်ဖို့လည်း တောင်းဆိုထားပါတယ်။

ဒီအတောအတွင်း မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ဒုက္ခသည်တွေ ပြန်ပို့ရေးအစီအစဉ် စတင်ဖို့ နီးကပ် လာချိန်မှာပဲ မြန်မာနိုင်ငံကနေ ရိုဟင်ဂျာဒုက္ခသည်တွေ ဆက်လက်ထွက်ခွာနေကြတယ်လို့ ဘင်္ဂလားဒေ့ရှ် အရာရှိတွေက ပြောပါတယ်။ လွန်ခဲ့တဲ့ ၂ ရက်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ဝင်ရောက်လာသူ အယောက် ၁၀၀ ကျော် ရှိတယ်လို့ ဆိုပါတယ်။ ဒီလိုထွက်ခွာလာကြတာဟာ သူတို့ကို မြန်မာစစ်တပ်က ငွေကြေးနဲ့ စားစရာမပေးဘဲ လုပ်အားပေးခိုင်းစေတဲ့အတွက်ကြောင့်လို့ ဘင်္ဂလားဒေ့ရှ် သတင်းမီဒီယာတွေက ဖော်ပြနေကြပါတယ်။