မြန်မာ့ရေပိုင်နက်အတွင်း မူဆလင်လက်နက်ကိုင်အဖွဲ့ ဝင်ရောက်လာ

မြန်မာနိုင်ငံ ပင်လယ်ပြင် ရေပိုင်နက်အတွင်း မူဆလင် လက်နက်ကိုင်အဖွဲ့ စက်လှေတစီးနဲ့ ဝင်ရောက်လာတဲ့အတွက် ဧရာဝတီတိုင်း ဖျာပုံခရိုင်အတွင်းက ပင်လယ်နဲ့နီးတဲ့ ကျေးရွာတွေမှာ ဒီကနေ့ကစလို့ လုံခြုံရေးအဖွဲ့တွေ အရေးပေါ် ဖွဲ့စည်း တာဝန်ပေးအပ်နေတယ်လို့ RFA က စုံစမ်းသိရပါတယ်။

အခုလို အရေးပေါ် လုံခြုံရေးအဖွဲ့တွေ ကျေးရွာအလိုက် ဖွဲ့စည်းနေတာနဲ့ ပတ်သက်လို့ ဖျာပုံခရိုင် အမာမြို့နယ် အထွေထွေ အုပ်ချုပ်ရေးရုံးက စာအမှတ် ၃/၂၀၁၂ နဲ့ ဒီကနေ့ ထုတ်ပြန်လိုက်တဲ့ ညွှန်ကြားချက်ကို ဒေသခံတစ်ဦးက အခုလို ဖတ်ပြပါတယ်။

"ပပ်နန်းအုပ်စု စက်စမ်းပြင်မှ မြန်မာ့ရေပိုင်နက်အတွင်းသို့ ဝင်ရောက်လာကြောင်း၊ မိမိနယ်မြေအတွင်း သတင်းလက်ဦးမှု ရရှိရေးနှင့် လုံခြုံရေးကို အထူးတလည် ဆောင်ရွက်ရန် ဖျာပုံမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ ဖုန်းကြေးနန်းဖြင့် အကြောင်းကြား လာပါတယ်။ သို့ဖြစ်၍ မူဆလင် လက်နက်ကိုင်အဖွဲ့ ဝင်ရောက်မှုနှင့် သတင်းလက်ဦးမှု ရရှိစေရန်နှင့် မြို့နယ် လုံခြုံရေးအဖွဲ့၊ ရပ်ကွက်၊ ကျေးရွာ လုံခြုံရေးအဖွဲ့များအား ပူးတွဲပါအတိုင်း ဖွဲ့စည်း တာဝန်ပေးအပ်ပါကြောင်းနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေး လုံခြုံရေး အဖွဲ့အနေနှင့် မိမိနယ်မြေအတွင်း ထူးခြားမှုရှိပါက အချိန်နှင့်တပြေးညီ တင်ပြသွားရန် အကြောင်းကြားပါသည်"

အဲဒီ အရေးပေါ် လုံခြုံရေးအဖွဲ့တွေကို အရှေ့ဖျား၊ နောက်မီး၊ ကဗျက်၊ ဂယက်ကြီး စတဲ့ ပင်လယ်ကမ်းခြေ ကျေးရွာတွေမှာ အဓိက ဖွဲ့စည်းနေတာ ဖြစ်ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့တွေကို ပြည်သူတွေနဲ့ ဖွဲ့စည်းတာ မဟုတ်ဘဲ မီးသတ်၊ ပြည်သူ့စစ်စတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ ရွာတစ်ရွာကို (၆) ဦးကနေ (၉) ဦးအထိ ဖွဲ့စည်းနေတာ ဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။

အဲဒီ မူဆလင် လက်နက်ကိုင်အဖွဲ့ဟာ မြန်မာနိုင်ငံ တောင်ဘက်စွန်း ပင်လယ်ပြင် တစ်နေရာဖြစ်တဲ့ ရနောင်းဒေသ ပပ်နန်အုပ်စု ပတ်ဝန်းကျင်ကနေ စက်လှေတစင်းနဲ့ မြန်မာနိုင်ငံ ရေပိုင်နက်အတွင်းကို ဝင်ရောက်လာတာ ဖြစ်တယ်လို့ အမာမြို့နယ် အထွေထွေ အုပ်ချုပ်ရေးရုံးက ဒီကနေ့ ထုတ်ပြန်တဲ့ စာအရ သိရပါတယ်။