အလာဟ်အရှင်ရဲ့ အခုလို တောင်းဆိုမှုကို လျစ်လျူရှု မျက်ကွယ်ပြုမယ်ဆိုရင် မိမိတို့ မူဂျာဟီဒင် တပ်သားတွေရဲ့ လက်ချက်နဲ့ ကျဆုံးသွားကြတဲ့ နိုင်ငံတွေကို မျက်မြင်တွေ့ရှိရမှာ ဖြစ်ကြောင်း၊ ဘာသာရေး အစွန်းရောက် ခေါင်းဆောင် Abu Bashir က မြန်မာ သမ္မတ ဦးသိန်းစိန်ထံ ပေးပို့ခဲ့တဲ့စာမှာ ရေးသားထားကြောင်း အေအက်ဖ်ပီ သတင်းတစ်ပုဒ်က ဒီကနေ့ ဖော်ပြလိုက်ပါတယ်။
အသက် ၇၄ နှစ် အစွန်းရောက် ခေါင်းဆောင် Abu Bakar Bashir က ဇူလိုင်လ ၂၂ ရက်နေ့ ရက်စွဲနဲ့ သမ္မတကြီး ဦးသိန်းစိန်ထံ လိပ်မူရေးသားတဲ့ စာကို voa-slam.com အင်တာနက် စာမျက်နှာ ဖော်ပြထားတယ်လု့ိ ဆိုပါတယ်။
အဲဒီ ဘာသာရေး ခေါင်းဆောင် Abu Bashir ဟာ အင်ဒိုနီးရှားနိုင်ငံက အစွန်းရောက် အစ္စလာမ် ဘာသာဝင်တွေရဲ့ ခေါင်းဆောင်အဖြစ် အသိအမှတ်ပြု ခံထားရသူဖြစ်ပြီး အကြမ်းဖက် လှုပ်ရှားမှုတွေကို ငွေကြေး ထောက်ပံ့မှုနဲ့ အင်ဒိုနီးရှား အကျဉ်းထောင်ထဲမှာ လက်ရှိ ထောင်ဒဏ် ၁၅ နှစ် ကျခံနေရသူ ဖြစ်ပါတယ်။
ဒီစာနဲ့ ပတ်သက်ပြီး ဟုတ်မှန်ကြောင်း အဲဒီ ဘာသာရေး ခေါင်းဆောင် Bashir ငွေကြေး အထောက်အပံ့ ပေးထားတဲ့ JAT အဖွဲ့က အတည်ပြု ပြောတယ်လို့ ဆိုပါတယ်။ JAT အဖွဲ့ဟာ နိုင်ငံတကာ အကြမ်းဖက် အဖွဲ့အစည်းတစ်ခုအဖြစ် အမေရိကန် အစိုးရက သတ်မှတ်ထားတဲ့ အဖွဲ့ဖြစ်ပါတယ်။
JAT အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ Son Hadi ဆိုသူက ဒီစာကို အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာရှိတဲ့ မြန်မာသံရုံးကို ပြီးခဲ့တဲ့ တနင်္လာနေ့က ပေးပို့ခဲ့တယ်လို့ ထုတ်ဖော် ပြောဆိုကြောင်း စသဖြင့်လည်း AFP သတင်းမှာ ဖော်ပြထားပါတယ်။
