ကိုမြအေးအမှုအတွက် နိုင်ငံတကာခုံရုံးကို တင်ဖို့တောင်းဆို

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေးကို ဖမ်းဆီးထောင်ချခဲ့တာဟာ တရားဥပဒေနဲ့ မညီတဲ့အတွက် နိုင်ငံတကာခုံရုံးကနေ စစ်ဆေးပေးဖို့ လန်ဒန်အခြေစိုက် Burma Justice Committee မြန်မာပြည် တရားမျှတရေး ကော်မတီက သြဂုတ်လ ၂၆ ရက် ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။

0:00 / 0:00

ကုလသမဂ္ဂ၊ မတရား ဖမ်းဆီးအရေးယူမှုဆိုင်ရာ အမှုဆောင်အဖွဲ့ ( UN Working Group on Arbitrary Detention) အနေနဲ့ ကိုမြအေးဖမ်းဆီးခံရမှုနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ဥပဒေကြောင်းအရ မတရားဖမ်းဆီးမှု ဖြစ်တယ်ဆိုတာကို စစ်ဆေးပေးဖို့ တောင်းဆိုတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး Burma Justice Committee က ရှေ့နေ Ms. Sappho Dias က ကိုမြအေးဟာ မတရား ဖမ်းဆီးခံရတာ ဖြစ်တယ်။ မြန်မာစစ်အစိုးရဟာ ကိုမြအေးကို ဖမ်းဆီးပြီး မိသားစုနဲ့ ဝေးလံတဲ့ အကျဉ်းထောင်ကို ပို့ထားတာ။ ကျန်းမာရေးအခြေအနေ ဆိုးဝါးနေတဲ့ သူ့ကို အာဏာပိုင်တွေက ဆေးကုသမှု အလုံအလောက် မပေးတာတွေအတွက် Burma Justice Committee အနေနဲ့ ကိုမြအေးရဲ့အမှုကို နိုင်ငံတကာခုံရုံးကို တင်ပြဖို့အတွက် အခုလို တောင်းဆိုတာပါလို့ Burma Justice Committee ရဲ့ ရှေ့နေ မစ္စ ဒိုင်းယက်စ် ပြောသွားတာပါ။

ကိုမြအေးအပါအဝင် ကျောင်းသားခေါင်းဆောင်တွေ အားလုံးလွတ်မြောက်ဖို့အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တင်ပြဆောင်ရွက် သွားမယ်လို့လည်း မစ္စ ဒိုင်းယက်စ်က ပြောပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး RFA မှ ဒေါ်ခင်ခင်အိက စုစည်းတင်ပြထားပါတယ်။

အသံဖိုင်ယူရန်