ထိုင်းစစ်တပ် အာဏာသိမ်း မှု မြန်မာ့ တပ်မတော် အကြီးအကဲ ထောက်ခံ

ထိုင်းနိုင်ငံမှာ မေလ ၂၂ ရက်နေ့က စစ်တပ်က အာဏာသိမ်းလိုက်တာကို ထောက်ခံကြိုဆိုကြောင်း မြန် မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

ထိုင်းစစ်တပ်ဟာ နိုင်ငံလုံခြုံရေးနဲ့ ပြည်သူလူထုကို အကာကွယ်ပေးရေးအတွက် အာဏာသိမ်းခဲ့တာဖြစ် တဲ့အတွက် ချီးကျူးအားပေးရ တာဖြစ်ကြောင်း မြန်မာ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရဲ့ ပြောကြားချက်ကို ကိုးကားပြီး ဘန်ကောက်ပို့စ် သတင်းစာက ဒီကနေ့ ဖော်ပြပါတယ်။

ထိုင်းနိုင်ငံကို ချစ်ကြည်ရေး အလည်အပတ် ခရီး ရောက်ရှိလာတဲ့ မြန်မာကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုင်းဘုရင့် တပ်မတော် အကြီးအကဲနဲ့ ထိုင်းအာဏာသိမ်း စစ်အစိုးရ ဒုတိယအကြီးအကဲ ဗိုလ်ချုပ်ကြီး တာနာဆတ်ခ် Tanasak နဲ့ တွေ့ဆုံစဉ် အခုလိုပြောကြားလိုက်ဖြစ်ပါတယ်။

ထိုင်းတပ်မတော်ဟာ ထိုင်းနိုင်ငံရဲ့ လုံခြုံရေးနဲ့ အများပြည်သူရဲ့ အသက်အိုးအိမ်ကို ကာကွယ်ပေးဖို့ တာဝန်သိ တပ်မတော်ဖြစ်တယ်ဆိုတာကို ယုံကြည်စိတ်ချကြောင်း၊ ထိုင်းတပ်မတော်အစိုးရ NCPO ရဲ့ နိုင်ငံရေးလမ်းပြမြေပုံ ဟာလည်း အောင်မြင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့တယ်လို့ ဒီကနေ့ ထိုင်းစစ်တပ်က ထုတ်ပြန်တဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီကနေ့တွေ့ဆုံပွဲမှာ ထိုင်းဗိုလ်ချုပ်ကြီး တာနာဆတ်က ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေ အားလုံးရဲ့အရေး ကို ထိုင်းအစိုးရအနေနဲ့ ဂရုတစိုက် ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေး တိုးမြင့်ဖို့၊ နယ်စပ်ဆက်ဆံရေးတိုးမြင့်ဖို့ ကိစ္စတွေကိုလည်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဗိုလ်ချုပ် တာနာဆတ်နဲ့ တွေ့ဆုံအပြီးမှာ ထိုင်းဘုရင့် အတိုင်ပင်ခံ ကောင်စီဝင် အကြီးအကဲ ပရင် တီဆူလာနောင်ဒါ Prem Tisulanonda နဲ့တွေ့ဆုံခဲ့သလို နေ့ခင်းမှာ ထိုင်းအာဏာသိမ်း စစ်ခေါင်းဆောင် ထိုင်းတပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ချန်အိုချားနဲ့ တွေ့ဆုံခဲ့တယ်လို့သိရပါတယ်။