မြန်မာနိုင်ငံက လူတစ်သိန်းမှာ ၅၂၅ ယောက် တီဘီရောဂါ ခံစားနေရ

မြန်မာနိုင်ငံမှာ တီဘီ(ခ)အဆုတ်နာရောဂါ ခံစားနေရသူအရေအတွက်ဟာ လူတစ်သိန်းမှာ ၅၂၅ ယောက် ရှိနေတာကြောင့် ကမ္ဘာ့ပျမ်းမျှ စံချိန်ထက် သုံးဆကျော်ရှိနေတယ်လို့ MSF ခေါ် နယ်စည်းမခြားဆရာဝန်များအဖွဲ့က ပြောပါတယ်။

တီဘီ(ခ)အဆုတ်နာဒဏ်အခံရဆုံး နိုင်ငံပေါင်း ၂၂ နိုင်ငံမှာ ပါဝင်နေတဲ့ မြန်မာနိုင်ငံဟာ MDR-TB ခေါ် ဆေးမတိုးတဲ့ တီဘီအဆုတ်နာဒဏ်ကိုလည်း ခံနေရပါတယ်။

ရိုးရိုး တီဘီအဆုတ်နာ ရှိမရှိ စောစောမစစ်ဆေးနိုင်တာ၊ ရောဂါရှိမှန်းသိပေမယ့် ထိထိရောက်ရောက် မကုသနိုင်တာတွေက ဆေးမတိုးတဲ့ တီဘီ(ခ)အဆုတ်နာ ဖြစ်နှုန်းတိုးပွားစေတဲ့ အဓိကအကြောင်းရင်းတွေဖြစ်ပြီး၊ အခုအခါ မြန်မာနိုင်ငံမှာ ဆေးမတိုးတဲ့တီဘီ(ခ)အဆုတ်နာဟာ အထူးစိုးရိမ်စရာကောင်းတဲ့ ကျန်းမာရေးပြဿနာဖြစ်လာနေတယ်လို့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲက ပြောပါတယ်။

တစ်နှစ်ကို ဆေးမတိုးတဲ့ အဆုတ်နာဝေဒနာရှင်အသစ် ၈၉၀၀ လောက်တိုးလာနေပေမယ့် ဆေးဝါးကုသမှု ခံယူနိုင်သူအရေအတွက်က ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းအထိ ၈၀၀ လောက်သာရှိတယ်လို့လည်း ပြောပါတယ်။

ရိုးရိုး တီဘီ(ခ)အဆုတ်နာကို ကုသချိန် ၆ လလောက်သာရှိပေမဲ့ ဆေးမတိုးတဲ့ တီဘီ(ခ)အဆုတ်နာကို ၂ နှစ်အထိ ကုသရပါတယ်။

ကုန်ကျစရိတ်ကလည်း လူနာတစ်ယောက်အတွက် တစ်နှစ်ကို အမေရိကန်ဒေါ်လာ ငါးထောင်လောက် ကုန်ကျတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ဒီနှစ်အတွင်း တီဘီရောဂါတိုက်ဖျက်ရေးအတွက် အစိုးရက ဒေါ်လာ ၂၂ သန်းသုံးစွဲဖို့ လျာထားပမယ့် မလုံလောက်ကြောင်း မြန်မာနိုင်ငံအမျိုးသား အဆုတ်နာရောဂါ တိုက်ဖျက်ရေးအစီအစဉ်မန်နေဂျာက ပြောပါတယ်။