မြန်မာ-ဖိလစ်ပိုင် ဗီဇာကင်းလွတ်ခွင့် လက်မှတ်ရေးထိုးမည်

မြန်မာနဲ့ ဖိလစ်ပိုင် နိုင်ငံအကြား ပြည်ဝင်ခွင့်ဗီဇာ ကင်းလွတ်ရေး သဘောတူစာချုပ်ကို မနက်ဖြန်မှာ သဘောတူလက်မှတ်ရေးမယ်လို့ ဖိလစ်ပိုင်အစိုးရက ဒီကနေ့ကြေညာပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ မြန်မာ၊ ဖိလစ်ပိုင် ချစ်ကြည်ရေးခရီးစဉ်အဖြစ် ဒီကနေ့မှာ ဖိလစ်ပိုင်နိုင်ငံကိုရောက်ရှိခဲ့ပြီး မနက်ဖြန်မှာ ဒီသဘောတူစာချုပ် လက်မှတ်ထိုးပွဲကို တက်ရောက်မယ်လို့ ဖိလစ်ပိုင်သမ္မတ ပြန်ကြားရေးအတွင်းဝန် ဆန်နီကိုလိုမာက ပြောပါတယ်။

ဦးသိန်းစိန်ရဲ့ ၂ ရက်ကြာ ဖိလစ်ပိုင်ခရီးစဉ်ဟာ သမ္မတဖြစ်အပြီး ပထမဆုံး ဖိလစ်ပိုင်ခရီးစဉ်ဖြစ်သလို နှစ်နိုင်ငံအကြား ကုန်သွယ်ရေး၊ ရင်းနှီးမြုပ်နှံမှုကိစ္စရပ်တွေကို ဆွေးနွေးမယ်လို့ သိရပါတယ်။ သမ္မတဦးသိန်းစိန်ဟာ မနက်ဖြန်မနက်မှာ ဖိလစ်ပိုင် လွတ်လပ်ရေးခေါင်းဆောင် ဟိုဆေးရီဇော် အမှတ်တရရုပ်တုမှာ သွားရောက်အလေးပြုဖို့ရှိပြီး နေ့ခင်းမှာ ဖိလစ်ပိုင်သမ္မတက နေ့လည်စာ တည်ခင်းဧည့်ခံဖို့ရှိတယ်လို့ သိရပါတယ်။

ဒီခရီးစဉ်အတွင်း ပြီးခဲ့တဲ့ရက်ပိုင်းက တိုက်ခတ်ခဲ့တဲ့ ယိုလန်ဒါ တိုင်ဖွန်းမုန်တိုင်းနဲ့ ငလျင်ဒဏ်ခံခဲ့ရတဲ့ ဖိလစ်ပိုင်ပြည်သူတွေအတွက် မြန်မာနိုင်ငံကအလှူကို ပေးအပ်လှူဒါန်းမယ်လို့လည်း ဖိလစ်ပိုင်သမ္မတနန်းတော်က သတင်းထုတ်ပြန်ပါတယ်။