ကျောင်းသားတွေ လွှတ်ပေးဖို့ ၂၆ ဖွဲ့တောင်းဆို


2016.03.09
myanmar-26-society-group-620.jpg အကျဉ်းကျခံနေရတဲ့ ကျောင်းသား၊ ကျောင်းသူတွေ ပြန်လွှတ်ပေးဖို့ မတ်လ ၉ ရက်နေ့က မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်းမှာ အရပ်ဘက်အဖွဲ့တွေ သတင်းစာရှင်းလင်းနေစဉ်
Photo: Kyaw Lwin Oo/ RFA

အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ခဲ့တာကြောင့် အကျဉ်းကျခံနေရတဲ့ ကျောင်းသား၊ ကျောင်းသူတွေနဲ့ ဝန်းရံသူတွေကို လွှတ်ပေးဖို့ အရပ်ဘက် အဖွဲ့အစည်း ကွန်ရက် ၂၆ ခုက ဒီနေ့ တောင်းဆိုလိုက်ပါတယ်။

ဒီကနေ့ ရန်ကုန်မြို့ မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်းမှာ အရပ်ဘက်အဖွဲ့တွေ စုပေါင်းသတင်းစာရှင်းလင်းပွဲ မှာ ဒေါ်သိန္နီဦးက တောင်းဆိုတာဖြစ်ပါတယ်။

"တစ်ပတ်ကို တရားရုံးငါးကြိမ် ထွက်နေရတယ်ဆိုတာကလည်း ညှင်းပမ်းနှိပ်စက်နည်းတစ်မျိုးပဲဖြစ်ပါတယ်၊ ဒီလိုလုပ်ရပ်မျိုးကို ဆက်မလုပ်တော့ဖို့ ကျမတို့တိုက်တွန်းချင်တယ်၊ လက်ရှိအစိုးရကို တရားမျှတမှုအစစ်အမှန်ရဖို့၊ အဲ့ဒါကတော့ လက်ရှိကျောင်းသားတွေကို ပြန်လွှတ်ပေးပါ၊ လက်ရှိချုပ်ထားတဲ့ မတရားဥပဒေတွေအကုန်လုံးကို ပြန်ရုပ်သိမ်းပေးပါလို့ အရပ်ဘက် အဖွဲ့အစည်းတွေက တောင်းဆိုချင်ပါတယ်"

အရပ်ဘက်အဖွဲ့တွေအနေနဲ့ ကျောင်းသားတွေကို ပုဒ်မအမျိုးမျိုးထပ်တိုးပြီး နေ့စဉ်ရုံးထုတ်နေတာကြောင့် အဲ့ဒီတရားစီရင်ရေးစနစ်ကို ကန့်ကွက်တယ်လို့လည်း အရပ်ဘက်အဖွဲ့ ကိုယ်စားလှယ်တွေက ပြောပါတယ်။

လက်ရှိ သာယာဝတီအကျဉ်းထောင်မှာ ပုဒ်မ ၅ခုနဲ့ ဖမ်းဆီးခံထားရတဲ့ ကျောင်းသား ကျောင်းသူတွေနဲ့ ဝန်းရံသူ ၅၀ ကျော် ရှိနေပြီး အာမခံနဲ့ အမှုရင်ဆိုင်နေရသူ ၃၀ နီးပါး ရှိနေပါတယ်။

အဲဒီထဲက ကိုမင်းသွေးသစ်၊ မဖြိုးဖြိုးအောင်၊ ကိုနန္ဒစစ်အောင်၊ ကိုကျော်ကိုကိုတို့ဟာ ရန်ကုန်က တရားရုံးတွေမှာ လည်း ပုဒ်မ ၁၈ နဲ့ အမှုရင်ဆိုင်နေရပါတယ်။

အဲဒီ ကျောင်းသားကျောင်းသူတွေနဲ့ ဝန်းရံသူတွေဟာ မနက်ဖြန်ရုံးချိန်းတွေကစပြီး တရားရုံးကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။