အကျဉ်းကျ နိုင်ငံသားတွေ ကို မြန်မာသံရုံးအရာရှိများ သွားရောက်တွေ့ဆုံ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ငဝေါင်ဝမ်ဒေသမှာရှိတဲ့ ကလောင်ပလန် (kaloplem) အကျဉ်းထောင်မှာ အကျဉ်းကျနေတဲ့ မြန်မာနိုင်ငံသားတွေကို နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် မြန်မာသံရုံးတာဝန်ရှိသူတွေ သွားရောက်ကြည့်ရှုအားပေးခဲ့တယ်လို့ သတင်းရရှိပါတယ်။

မြန်မာသံရုံးရဲ့တောင်းဆိုမှုအရ ထိုင်းအစိုးရ အကျဉ်းဦးစီးဌာနက စီစဉ်ပေးခဲ့တာဖြစ်ပြီး သံရုံးပထမအတွင်းဝန် ဦးအောင်ကျော်လင်း ဦးဆောင်တဲ့ အဖွဲ့ဝင် ၄ ဦးဟာ မြန်မာနိုင်ငံသား အကျဉ်းကျခံနေရသူ ၁၄၄ ဦးနဲ့ တွေ့ဆုံခွင့်ရခဲ့တာ ဖြစ်ပါတယ်။

ဒီအကျဉ်းသားအများစုဟာ မူးယစ်ဆေးဝါးမှုနဲ့ ကျခံနေရတာဖြစ်ပြီး အနည်းဆုံးထောင်ဒဏ် ၅ နှစ်ကနေ တစ်သက်တစ်ကျွန်းအထိ ကျခံနေရတာဖြစ်ကြောင်း၊ ဒီအထဲမှာ အသက် ၆၀ ကျော်အရွယ်အထိလည်း ပါဝင်ကြောင်းသိရပါတယ်။ လက်ရှိထောင်သားတွေ အခြေအနေကိုတော့ သံရုံးအတွင်းဝန် ဦးအောင်ကျော်လင်းက အခုလိုပြောပါတယ်။

"ယေဘုယျပြောရင်တော့ သူတို့နေပုံထိုင်ပုံနဲ့တော့ သပ်သပ်ရပ်ရပ်ရှိကြပါတယ်၊ အဝတ်အစားတို့ဘာတို့လည်း သပ်သပ်ရပ်ရပ်ရှိတယ်၊ ထောင်ကျနေတဲ့အထဲက ထိုင်းဥပဒေအရ တခါတလေကျအနီးမှာရှိလို့ ဖမ်းသွားတာတို့ နောက်ဆုံးအဖေကိုမရလို့ သားကိုဖမ်းသွားတာတို့၊ အဖေရောသားရော ဖမ်းသွားတာတို့၊ ဥပမာ ထိုင်တဲ့ပန်းခြံလေးတစ်ဆိုင်မှာ အဲဒီနားမှာရှိတဲ့တစ်ယောက်က ရောင်းဝယ်မှုသွားလုပ်တာနဲ့ အဲနားမှာရှိတဲ့ အကုန်လုံးပါသွားတာတို့၊ တချို့ကျတော့ မဟုတ်တဲ့အခါကျတော့ ဝန်မခံတဲ့အခါကျတော့ တစ်သက်တစ်ကျွန်းကျနေတာတို့ အဲလိုမျိုးတွေရှိတယ်လို့ သူတို့တွေကပြောကြတာပဲ"

လွန်ခဲ့တဲ့ ၇ နှစ်ခန့်က နှစ်နိုင်ငံအကျဉ်းသာ းဖလှယ်ရေးအစီအစဉ်အရ မြန်မာကိုယ်စားလှယ်တစ်ဦး လာရောက်ခဲ့ဖူးကြောင်း အကျဉ်းသားတွေရဲ့ ပြောပြချက်အရ သိရတယ်လို့လည်း ဦးအောင်ကျော်လင်းက ပြောပါတယ်။ အကျဉ်းသားတွေရဲ့တောင်းဆိုမှုနဲ့ ထောင်ပိုင်ကို မေတ္တာရပ်ခံခဲ့တာတွေကိုလည်း သူကအခုလိုဆက်ပြောပြပါတယ်။

"နှစ်နိုင်ငံထောင်သားဖလှယ်ရေးပေါ့ခင်ဗျာ၊ အဲဒီကိစ္စကို သူတို့ကမျှော်လင့်တယ်၊ ဘာလို့လဲဆိုတော့ တစ်ချို့နိုင်ငံတွေက လုပ်တယ်လို့တော့ပြောတယ်ဗျ၊ ထိုင်းမှာတစ်သက်တစ်ကျွန်းဆိုလို့ရှိရင် ၈ နှစ်ကျခံပြီးသွားရင် ကာလအပိုင်းအခြားတစ်ခုပေါ့ ကျခံပြီးသွားရင် ကျန်တဲ့နှစ်တွေကိုတော့ ကိုယ့်တိုင်းပြန်မှာကိုယ် ကျခံရမှာပေါ့၊ အဲလိုဟာမျိုးတွေရှိတယ်၊ နောက်တစ်ချက်ကတော့ တခြားနိုင်ငံသားများနဲ့အတူပေါ့ လူ့အခွင့်အရေး တန်းတူရရှိရေးပေါ့၊ ကိုယ့်လူမျိုးတွေဘာတွေကို သက်သက်ညှာညှာလေးလုပ်အောင်ပေါ့၊ အသက်ကြီးတဲ့လူတွေတော့ ကျန်းမာရေးမကောင်းတဲ့လူတွေတော့ လျော့ပေါ့ပေးဖို့ အဲဒါမေတ္တာရပ်ခံခဲ့တယ်"

သံရုံးအဖွဲ့ကို တွေ့ရတဲ့အခါမှာ မြန်မာအကျဉ်းသားတွေ ဝမ်းသာနေကြောင်း၊ သူတို့သယ်ဆောင်သွားတဲ့ အစားအသောက်အချို့ကိုလည်း ပေးအပ်ခဲ့ကြောင်းနဲ့ နောက်တခါလာရင် စာအုပ်စာတမ်းတွေနဲ့ အားဆေးတွေသယ်လာပေးဖို့ အကျဉ်းသားတွေက တောင်းဆိုကြောင်းလည်း သိရပါတယ်။