အမေရိကန် ပြည်ထောင်စု နယူးယော့ခ်မြို့မှာ လာမဲ့သီတင်းပတ်အတွင်းကျင်းပမယ့် အရှေ့တောင် အာရှနိုင်ငံတွေရဲ့ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ပန်းပုအနုပညာပြပွဲကို မြန်မာအစိုးရက ပန်းပုရုပ်ထု ၂၂ ခု ငှားရမ်းဖို့ သဘောတူလိုက်တယ်လို့ သိရပါတယ်။
အဲဒီပြပွဲမှာ ကျောက်ဆစ်ရုပ်ထုတွေ၊ ကြေးနဲ့သွန်းလုပ်တဲ့ ပန်းပုရုပ်ထုတွေနဲ့ မြေအိုးမြေခွက်တွေ စတဲ့ ရှေးဟောင်း အနုပညာ ၁၆၀ ကျော် ပြသမှာဖြစ်ပြီး မြန်မာနိုင်ငံက ရုပ်ထု ၂၂ ခုကို ပထမဦးဆုံးအကြိမ် ငှားရမ်းတာဖြစ် ပါတယ်။ တခြားပန်းပုအနုပညာလက်ရာတွေကတော့ ကမ္ဘောဒီးယား၊ မလေးရှား၊ ထိုင်း၊ ဗီယက်နမ်၊ ဗြိတိန်၊ ပြင်သစ်နဲ့ အမေရိကန် ပြည်ထောင်စုတို့က ဖြစ်တယ်လို့ သိရပါတယ်။
အရှေ့တောင်အာရှနိုင်ငံတွေက ဟိန္ဒူ နဲ့ဗုဒ္ဓဘာသာ ရှေးဟောင်းပန်းပုရုပ်ထုတွေနဲ့ အမေရိကန်နိုင်ငံက လူသိနည်း တဲ့ ရှေးဟောင်းယဉ်ကျေးမှုတွေကို ပြသနိုင်ဖို့အတွက် ပြပွဲစီစဉ်တဲ့ မက်ထရိုပိုလီတန်ပြတိုက်အနေနဲ့ အချိန် ၅ နှစ်ကြာ ပြင်ဆင်ခဲ့ရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ နှစ်နှစ်မှာ နယူးယော့ခ်မြို့ မက်ထရိုပိုလီတန် အနုပညာပြတိုက်ကို လာရောက်ကြည့်ရှုသူ ၁၂ သန်းကျော် ရှိခဲ့တယ်လို့လည်း သိရပါတယ်။