တရုတ်နိုင်ငံသား ၅ ဦးသေဆုံးရမှု တရုတ်အစိုးရ ကို မြန်မာ တောင်းပန်

0:00 / 0:00

တရုတ်-မြန်မာနယ်စပ် ကိုးကန့်ဒေသမှာ မတ်လ ၁၃ ရက်နေ့က မြန်မာစစ်တပ်လေယာဉ်ရဲ့ ဗုံးဒဏ်ကြောင့် တရုတ်နိုင်ငံသား ၅ ဦး သေဆုံးခဲ့တဲ့ကိစ္စနဲ့ ပတ်သက် ပြီး ဘေကျင်းမြို့ကိုရောက်နေတဲ့ မြန်မာအစိုးရ နိုင် ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က တရုတ်အစိုးရကို ဒီကနေ့ တောင်းပန်လိုက်ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ ဒီကနေ့ တွေ့ဆုံချိန် မှာ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ဝန်ခံတောင်းပန်ခဲ့တာဖြစ်ပြီး၊ မြန်မာစစ်တပ်ဘက်က ပစ်ချခဲ့တဲ့ဗုံးဖြစ်တာကြောင့် သေဆုံးခဲ့ရသူ တရုတ်နိုင်ငံ သားတွေအတွက် မြန်မာအစိုးရက တာဝန်ယူပေးဖို့ ကမ်းလှမ်းကြောင်းကိုလည်း တရုတ်အစိုးရပိုင် ဆင်ဟွာ သတင်းဌာနက ဖော်ပြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ နှစ်ဘက်တာဝန်ရှိသူတွေ ရဲ့ ဆွေးနွေးချက်အပြည့်အစုံကို နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ပြန်လည်ရောက်ရှိမှ သတင်းအတိအကျထုတ်ပြန်မယ်လို့ သမ္မတ ဦးသိန်းစိန်ရဲ့ ပြောရေးဆိုခွင့် ရှိသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က RFA ကို ပြောပါတယ်၊

"လေယာဉ်တွေက မကျော်သွားပေမဲ့ ဗုံးက လေနဲ့မျှောပြီးတော့မှ ကျတယ်ဆိုတဲ့ဟာမျိုးတော့ ကျနော်အကြမ်းဖျင်း နားလည်ပါတယ်၊ အသေးစိတ် နည်းပညာဆိုင်ရာ အချက်အလက်တွေတော့ ကျနော် မဖတ်ရတော့ ပြောလို့ မရဘူး၊ ခုတော့ စစ်ဆေးတွေ့ရှိချက်တွေအပေါ် မူတည်ပြီးတော့မှ နိုင်ငံခြားရေးဝန်ကြီး ဦဝဏ္ဏမောင်လွင် က ဘေကျင်းမှာသွားပြီးတော့ တရုတ်နိုင်ငံခြားရေးဌာနက လူတွေနဲ့ တွေ့ဆုံဆွေးနွေးနေပါတယ်၊ ဆွေးနွေးတဲ့ အကြောင်းအရာ စကားလုံးအတိအကျကတော့ သူပြန်လာမှပဲသိရမှာဖြစ်ပါတယ်"

ဒီပြသနာအတွက် နှစ်နိုင်ငံ ပူးတွဲစုံစမ်းစစ်ဆေးတွေ့ရှိချက်တွေကို မြန်မာဘက်က လက်ခံအသိအမှတ်ပြုကြောင်း၊ ဒီဖြစ်ရပ်မှာ ပါဝင်ပတ်သက်သူတွေနဲ့ တာဝန်ရှိသူတွေကို ဥပဒေကြောင်းအရ အရေးယူသွားမှာဖြစ်ကြောင်း၊ အလားတူဖြစ်ရပ်မျိုးတွေ နောက်ထပ်မဖြစ်ပွားရအောင် ကြိုတင်ကာကွယ်ဖို့အတွက် လိုအပ်တဲ့အစီအစဉ်တွေကို တိုးမြင့်လုပ်ဆောင်သွားမှာဖြစ်ကြောင်း ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ကတိပြုပြောဆိုခဲ့တယ်လို့လည်း တရုတ်နိုင်ငံကလာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ သမ္မတ ဦးသိန်းစိန်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကို RFA ဝိုင်းတော်သူ မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။