မတ်လ ၂၇ ရက်နေ့ အနှစ် ၇ဝ မြောက် ဖက်ဆစ်တော် လှန်ရေးနေ့မှာ ဗြိတိန်နိုင်ငံရောက် မြန်မာနိုင်ငံသား တချို့က လန်ဒန်မြို့ရှိ မြန်မာသံရုံးရှေ့ကို မနေ့နေ့လည် က သွားရောက်ဆန္ဒပြခဲ့ကြပါတယ်။
သပိတ်မှောက်ကျောင်းသားတွေကို မြန်မာအစိုးရက အကြမ်းဖက်ဖြိုခွဲခဲ့တဲ့အတွက် ဆန့်ကျင်တဲ့ အနေနဲ့ အခုလို ဆန္ဒပြခဲ့ကြတာပါ။
လက်ပံတန်းမှာ ကျောင်းသားတွေကို ရဲက အကြမ်းဖက် ဖမ်းဆီးခဲ့ရတာဟာ သပိတ်မှောက်ကျောင်းသားတွေက ရဲတွေကို စတင်ရိုက်နှက်တဲ့အတွက် ရဲတွေက အဲ့ဒီလို အကြမ်းဖက်တုန့်ပြန်ရတာပါလို့ သမ္မတ ဦးသိန်းစိန် က ပြောကြားခဲ့တာဟာ လိမ်လည်မှုဖြစ်ကြောင်း ကမ္ဘာ ကို မီးမောင်းထိုးပြချင်တဲ့အတွက် အခုလိုဆန္ဒပြကြ တာ ဖြစ်ပါတယ်လို့ ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ကိုအောင်ကြီးက RFA ကို ပြောပါတယ်။
"အဓိကကတော့ ဒီမှာရှိနေတဲ့သက်ဆိုင်ရာအစိုးရကို ဦးသိန်းစိန်အစိုးရ လုပ်နေတဲ့ဟာက တရားမျှတမှု မရှိဘူး၊ အကြမ်းဖက်လုပ်ရပ်တွေဆိုတာကို ပိုပြီးသိသွားအောင် လုပ်တဲ့သဘောပေါ့နော်၊ ဦးသိန်းစိန် ကိုယ်တိုင်ကလည်း ဖြိုခွင်းခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ရဲကို ကျောင်းသားတွေက စပြီးရိုက်လို့ သူတို့က ရိုက်ရပါတယ်ဆိုပြီးပြောတယ်၊ ဒါက ဒီမိုကရေစီစနစ်ကို သွားနေပါတယ်ဆိုတဲ့ အစိုးရတစ်ရပ်ရဲ့လုပ်ရပ်၊ ဒီမိုကရေစီစနစ်ကို သွားနေပါတယ်ဆိုတဲ့ ခေါင်းဆောင်တစ်ယောက်ရဲ့ လုပ်ရပ်မဟုတ်ဘူးပေါ့ဗျာ၊ ဦးသိန်းစိန်အစိုးရ ထုံးစံအတိုင်းလိမ်နေတယ်ဆိုတာ မီးမှောင်းထိုးပြတဲ့ ဆန္ဒပြပွဲပါ"
မနေ့က ဆန္ဒပြပွဲကို လူ ၂ဝ ခန့်လာရောက်ခဲ့ပါတယ်။
ဗြိတိန်အပြင် တခြား ဥရောပနိုင်ငံတွေနဲ့ သြစတြေးလျားနိုင်ငံတွေမှာလည်း အဝေးရောက် မြန်မာနိုင်ငံသားတွေက သက်ဆိုင်ရာ မြန်မာသံရုံးတွေရှေ့ကို မနေ့က သွားရောက်ပြီး အစိုးရရဲ့ အကြမ်းဖက်လုပ်ရပ်ကို ဆန္ဒပြခဲ့ကြ ပါတယ်။
