မြန်မာစစ်တပ်က အိန္ဒိယနယ်မြေကို မကျုးကျော်ကြောင်း အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြု

အိန္ဒိယ-မြန်မာ နယ်စပ်မှာ မြန်မာဘက်က နယ်စပ် ခြံစည်းရိုးကာရံဖို့ ပြင်ဆင်နေတဲ့ကိစ္စ နဲ့ ပတ်သက်ပြီး၊ မြန်မာစစ်တပ်က နယ်မြေပိုင်နက်ကျူးကျော်နေပြီလို့ အိန္ဒိယ သတင်းမီဒီယာတွေက ရေးသားဖော်ပြခဲ့ကြရာမှာ၊ ကျူးကျော်တာမဟုတ်ကြောင်း အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနက ငြင်းဆိုလိုက်ပါတယ်။

အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Syed Akbaruddin က -

အိန္ဒိယနဲ့ မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးဟာ အလွန်ကောင်းမွန်ပါတယ်၊ နယ်စပ်ကိုစောင့်ကြပ်ကြည့်ရှုနေတဲ့ ပြည်ထဲရေးဝန်ကြီးဌာနကလည်း နယ်စပ်ကျူးကျော်မှု တစ်စုံတရာ မရှိကြောင်း တင်ပြထားပါတယ်၊ အခုကိစ္စ ဟာ မြန်မာဘက်ခြမ်းက သူ့ပိုင်နက်အတွင်းမှာ ဆောင်ရွက်နေတာဖြစ်ပါတယ် လို့ ပြောကြားခဲ့ ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ (၂၂) ရက်နေ့က မြန်မာ တပ်ဖွဲ့တစ်ဖွဲ့ဟာ အိန္ဒိယ ပိုင်နက်အတွင်းဝင်ရောက်လာခဲ့ကြပြီး၊ မဏိပူပြည်နယ် မြန်မာနယ်စပ် မိုးရေးမြို့ ရဲစခန်း နဲ့ တစ်မိုင်ကျာ်အကွာ ဟောင်လင်ဖိုင်ရွာ အနီးမှာ စခန်းချ ခဲ့ကြ တယ်လို့ အိန္ဒိယ သတင်းမီဒီယာတွေက ရေးသားဖော်ပြခဲ့ကြပါတယ်။ တရားမဝင် နယ်စပ်ဖြတ်ကျော်မှု နဲ့ လက်နက်ကိုင်သူပုန်တွေဖြတ်သန်းမှုကို တားဆီးဖို့အတွက် အိန္ဒိယ နဲ့ မြန်မာ အစိုးရတို့ နယ်စပ်ခြံစည်းရိုး ကာရံရေး သဘောတူညီခဲ့ကြပြီးတဲ့နောက်၊ မိုးရေးမြို့ အနီး မှာ မြန်မာ တပ်ဖွဲ့ တစ်ဖွဲ့ လာရောက်စခန်းချခဲ့ကြပြီး ခြံစည်းရိုးကာရံဖို့ ပြင်ဆင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အခု လက်ရှိအတိုင်း စည်းရိုးကာရံလိုက်ရင် မဏိပူရ ပြည်နယ်ပိုင် မြေ (၆ )မိုင်ကျော်လောက် မြန်မာဘက်ခြမ်းကို ပါသွားမယ့်အရေး စိုးရိမ်ရတာကြောင့် နှစ်နိုင်ငံ နယ်စပ်အပိုင်းအခြား အသေအချာ ပြန်လည်တိုင်းတာကြဖို့၊ ဒီအတွင်း မြန်မာဘက်က စည်းရိုးကာရံဖို့ ပြင်ဆင်နေတာကို ရပ်ဆိုင်းပေးဖို့ ဒေသခံတွေက မဏိပူပြည်နယ် အစိုးရ ကို တောင်းဆိုခဲ့ကြပါတယ်။

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံနယ်စပ် အမှတ်အသားတွေဟာ ထိန်းသိမ်းမှု အားနည်းခဲ့တာကြောင့် ပျောက်ပျက်ကုန် တယ်လို့ မဏိပူရပြည်နယ်ဝန်ကြီးချုပ်က ပြောပါတယ်။ နယ်စပ်တိုင်းတာရေးအတွက် JBWG ခေါ် နယ်စပ်ကိစ္စ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဖွဲ့စည်းဖို့ အိန္ဒိယအစိုးရက မြန်မာအစိုးရကို တောင်းဆိုထားပါတယ်။