အမေရိကန် တပ်မတော်နဲ့ မြန်မာ့ တပ်မတော်အကြား မှန်ကန်တိကျတဲ့မူဝါဒတွေကို သေသေချာချာ သတ်မှတ်ပြီး ဆက်ဆံရေးကို စတင်နေပြီလို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Chuck Hagel ချပ်ဟေဂယ်က ပြောကြားလိုက်ပါတယ်။
စင်္ကာပူနိုင်ငံမှာကျင်းပတဲ့ အာရှပစိဖိတ်ဒေသ လုံခြုံရေးဆိုင်ရာ နှစ်ပတ်လည်ညီလာခံမှာ အမေရိကန်ပြည်ထောင်စုရဲ့ အာရှပစိဖိတ်ဒေသလုံခြုံရေးအပေါ် သဘောထားနဲ့ပတ်သက်ပြီး မိန့်ခွန်းပြောကြားရာမှာ မစ္စတာ ဟေဂယ်က ခုလိုထည့်သွင်း ပြောကြားခဲ့ တာဖြစ်ပါတယ်။
အာရှပစိဖိတ်ဒေသနိုင်ငံတွေက ကာကွယ်ရေးဝန်ကြီးတွေ တက်ရောက်တဲ့ ညီလာခံမှာ အမေရိကန်စစ်တပ်နဲ့ မြန်မာစစ်တပ်အကြား အနီးကပ်ဆက်ဆံရေးကို အခုလို စတင်ဆောင်ရွက်ခြင်းဖြင့် မြန်မာတပ်မတော်အနေနဲ့ တိုင်းပြည်ခေါင်းဆောင်တွေအပေါ် တာဝန်သိသိ သစ္စာရှိရှိထမ်းဆောင်တဲ့ တပ်မတော်တခုဖြစ်လာရေးနဲ့ လူ့အခွင့်အရေးတွေကို လေးစားလိုက်နာပြီး မြန်မာပြည်ရဲ့ လက်ရှိပြုုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်တွေကို ထောက်ခံအားပေးတဲ့တပ်မတော်တစ်ခု ဖြစ်လာရေးတို့ကို ရည်မှန်းထားပါတယ်လို့လည်း ကာကွယ်ရေးဝန်ကြီး ဟေဂယ်က ပြောပါတယ်။
ဗီယက်နမ်စစ်ပြန်တစ်ဦးဖြစ်တဲ့ ဟေဂယ်ကသူ့နဲ့ သူ့ဖခင်တိုက်လေယာဉ်မှူးတို့ရဲ့ အာရှပစိဖိတ်ဒေသဆိုင်ရာ အတွေ့အကြုံတွေကိုပြောကြားရင်း အဲဒီအတွေ့အကြုံတွေအရ အာရှတိုက်မှာ အမေရိကန်ပြည်ထောင်စုအနေနဲ့ ဘယ်လောက်ကောင်းမွန်ကျွမ်းကျင်စွာ ထိတွေ့ဆက်ဆံဖို့အရေးကြီးကြောင်း သူသိရှိပါတယ်လို့လည်း ပြောကြားသွားပါတယ်။
မြောက်ကိုးရီးယားနိုင်ငံက နူကလီယားလက်နက်နဲ့ ဒုံးပျံအစီအစဉ်အပါအဝင် ရန်လိုမှုတွေဆက်လက်ဆောင်ရွက်နေမှုကို သူကထောက်ပြခဲ့သလို အာရှတိုက်ရင်ဆိုင်နေရတဲ့ သဘာဝဘေးအန္တရာယ်တွေ၊ ဆင်းရဲမွဲတေမှုတွေ၊ သယံဇာတ ပတ်ဝန်းကျင်ပျက်စီးမှုတွေ၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးပြဿနာ စတာတွေကိုပြောဆိုကာ အဲဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်ရေးအတွက် အမေရိကန်ပြည်ထောင်စုကဆောင်ရွက်မယ့် သံတမန်ရေး၊ စီးပွားရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ ချိန်ခွင်လျှာညီမျှရေး မဟာဗျူဟာတွေကို သူကရှင်းပြခဲ့ပါတယ်။
ဒါ့အပြင်သူက ဘတ်ဂျက်ငွေကြေးအခက်အခဲတွေရှိပေမယ့် အမေရိကန်အနေနဲ့ ကာကွယ်ရေးအတွက် လိုအပ်သလိုသုံးစွဲမှာဖြစ်ကြောင်း၊ အာရှပစိဖိတ်ဒေသမှာ ကြည်း၊ ရေ၊ လေတပ်ဖွဲ့အင်အားတွေ တိုးချဲ့ချထားမှာဖြစ်ကြောင်း၊ နိုင်ငံတကာရှိ အမေရိကန်လေတပ်ရဲ့၆ဝ ရာခိုင်နှုန်းအထိ အခုဒီဒေသမှာ တပ်စွဲထားပြီဖြစ်ကြောင်း၊ သြစတြေးလျ၊ တောင်ကိုးရီးယား၊ ဂျပန်နဲ့ ထိုင်းနိုင်ငံစတဲ့ အာရှနိုင်ငံအများအပြားနဲ့ စစ်ရေးဆက်ဆံမှုတွေတိုးမြှင့်မှာဖြစ်ကြောင်းပြောကြားရင်း အိန္ဒိယနဲ့ တရုတ်နိုင်ငံတွေရဲ့ ဒေသအတွင်း အရေးပါမှုတွေကို အထူးပြုပြောကြားသွားပါတယ်။
အိန္ဒိယနိုင်ငံရဲ့ စစ်ရေးတောင့်တင်းမှုဟာ ဒေသလုံခြုံရေးကို အထောက်အကူပြုစေမယ်လို့ ယုံကြည်ကြောင်း၊ တရုတ်နဲ့ အမေရိကန်အကြား အပြုသဘောဆက်ဆံရေးတိုးမြှင့်ဖို့အချက်ဟာ အာရှတိုက်ဆိုင်ရာ ချိန်ခွင်လျှာညီမျှရေးအတွက် မရှိမဖြစ်လိုအပ်ကြောင်းနဲ့ တစ်ဦးနဲ့တစ်ဦး ရည်မှန်းချက်တွေအပေါ် အမြင်ကြည်လင်ရေးနဲ့ နားလည်မှုမှားယွင်းတာတွေမရှိဖို့လည်း အရေးကြီးကြောင်းစသဖြင့် ပြောကြားသွားပါတယ်။
အခုလို အမေရိကန်ကာကွယ်ရေးဝန်ကြီးရဲ့ ပြောကြားချက်တွေနဲ့ ပတ်သက်ပြီး တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် စစ်တက္ကသိုလ်က အမျိုးသမီးဗိုလ်ချုပ် Yao Yunzhu က အမေရိကန်အနေနဲ့ အာရှပစိဖိတ်ဒေသအတွင်း စစ်အင်အားတိုးချဲ့မှုနဲ့ပတ်သက်ပြီး ဒီထက်ပိုမိုပြည့်စုံစွာ ရှင်းလင်းပြောကြားသင့်ကြောင်း၊ အမေရိကန်ရဲ့ အာရှဆိုင်ရာလက်ရှိမူဝါဒဟာ တရုတ်ပြည်ရဲ့စစ်အင်အားချဲ့ထွင်မှုနဲ့ ဒေသအပေါ်သြဇာလွှမ်းမိုးမှုကြီးမားလာတာကို တုံ့ပြန်မှုဖြစ်တယ်လို့ ရှုမြင်ချက်တွေ ကျယ်ကျယ့်ပျံ့ပျံ့ပေါ်ထွက်နေကြောင်းစသဖြင့် ဝေဖန်ပါတယ်။
အမေရိကန်ရဲ့ အာရှပစိဖိတ်ဒေသအတွင်း စစ်ရေးချဲ့ထွင်မှုဟာ တရုတ်ပြည်နဲ့ ဆက်ဆံရေးပိုမိုတိုးတက်အောင် လုပ်ဆောင်ရာမှာပါဝင်တဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်ဆိုပြီး အမေရိကန်ကာကွယ်ရေးဝန်ကြီးအနေနဲ့ ဘယ်လိုအာမခံနိုင်မှာလဲလို့လည်း သူမကမေးခွန်းထုတ်လိုက်ပါတယ်။
အမေရိကန်ကာကွယ်ရေးဝန်ကြီးရဲ့ ပြောကြားချက်နဲ့ ပတ်သက်ပြီး ဦးတင်အောင်ခိုင်က တင်ပြထားတာကိုလည်း နားဆင်နိုင်ပါတယ်။