မြို့ကြီးတချို့မှာ နိုင်ငံတော်ဘာသာနေ့ကျင်းပ

မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ဥပဒေပြု ပြဌာန်းခဲ့ဖူးတဲ့ (၅၂) နှစ်မြောက် နှစ်ပတ်လည်နေ့ အဖြစ် မြို့ကြီးတချို့မှာ နိုင်ငံတော်ဘာသာနေ့ ဆိုတဲ့ အခမ်းအနားတွေ မနေ့က ကျင်းပခဲ့ကြပါတယ်။

၁၉၆၁ ခုနှစ် သြဂုတ်လ (၂၆) ရက်နေ့မှာ နိုင်ငံတော် ဝန်ကြီးချုပ် ဦးနုက ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ဥပဒေပြု ပြဌာန်းခဲ့ပါတယ်။ ဒါပေမဲ့၁၉၆၂ ခုနှစ် မတ်လ (၂) ရက်နေ့ ဗိုလိချုပ်ကြီးနေဝင်း က နိုင်ငံတော်အာဏာကို သိမ်းပိုက်လိုက်ပြီးတဲ့နောက် အဲဒီဥပဒေကို ဖျက်သိမ်းခဲ့ပါတယ်။

မနေ့ကတော့ နိုင်ငံတော်ဘာသာအဖြစ် ဥပဒေပြု ပြဌာန်းခဲ့ဖူးတဲ့ (၅၂) နှစ်မြောက် နှစ်ပတ်လည်နေ့အဖြစ် မြို့အတော်များများမှာ ဆွမ်းလောင်းပွဲတွေ၊ ချီတက်ပွဲတွေကျင်းပခဲ့ကြတယ်လို့ သိရပါတယ်။

၁၉၆၁ ခုနှစ်မှာ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ဥပဒေပြု ပြဌာန်းခဲ့တာကို အကြောင်းပြုပြီး ကချင်ပြည်နယ် မှာ အစိုးရဆန့်ကျင်ရေး လက်နက်ကိုင်အဖွဲ့ စတင်ပေါ်ပေါက်ခဲ့ပါတယ်။

ဘာသာတရားတစ်ခုခုကို နိုင်ငံတော် ဘာသာအဖြစ် ဥပေးနဲ့ သတ်မှတ်ပြဌာန်းသင့်မသင့် အယူအဆ ကွဲပြားမှုတွေလည်းပေါ်ပေါက်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဘာသာရေး အသွင်ဆောင်တဲ့ အကြမ်းဖက် ပဋိပက္ခတွေ နေရာအနှံ့အပြား ပေါ်ပေါက်လာနေချိန် အတွင်း ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ဥပဒေပြု ပြဌာန်းခဲ့ဖူးတဲ့ (၅၂) နှစ်မြောက် နှစ်ပတ်လည်အဖြစ် နိုင်ငံတော်ဘာသာနေ့ ဆိုတဲ့ အထိမ်းအမှတ်ပွဲတွေ စတင်ကျင်းပခဲ့ကြတာဖြစ်ပါတယ်။