မြန်မာ့နိုင်ငံရေး ပြောင်းလဲမှုများကို သတိနဲ့ ကြည့်ဖို့ အကဲခတ်များ သတိပေး

အမေရိကန်နိုင်ငံအနေနဲ့ စစ်တပ်ကျောထောက်နောက် ခံ မြန်မာအစိုးရအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေအားလုံးကို ရုပ်သိမ်းပေး လိုက်ရင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ငန်း အစီအစဉ်တွေဟာ နောက်ကြောင်းပြန်လှည့် သွားနိုင်တယ်လို့ Amnesty international နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ဝါရှင်တန်ရုံးအကြီးအကဲ Frank Jannuzi က သတိပေး ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေကို တဖြေးဖြေးချင်း ထိန်းပြီးတော့ အပေးအယူလုပ် ဆောင်ရွက်သင့်တယ်လို့ အကြံပြုလိုပါကြောင်း မနေ့က ဝါရှင်တန်ဒီစီမြို့တော် ဟယ်ရီတိတ်ချ် ဖေါင်ဒေးရှင် Heritage Foundation မှာပြုလုပ်တဲ့ မြန်မာ့အရေးဆွေးနွေးပွဲမှာ Mr Jannuzi က ပြောပါတယ်။

အခုအခါမှာ အမေရိကန်နိုင်ငံအနေနဲ့ ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေကို တော်တော်များများ ဖြေလျော့ပေးလိုက်ပြီဖြစ်တာကြောင့် မြန်မာအစိုးရက ပြုပြင်ပြောင်းလဲမှုတွေ ဆက်လုပ်သွားဖို့ ဘယ်လိုအချက်တွေနဲ့များ အပေးအယူလုပ်ကြမယ်ဆိုတာ မေးစရာမေးခွန်းဖြစ်နေတယ်လို့ ပြောသွားပါတယ်။

အလားတူဘဲ Human Rights Watch လူ့အခွင့်အရေးစောင့်ကြည်အဖွဲ့က ညွှန်ကြားရေးမှူး Tom Malinowski ကလည်း အမေရိကန်နိုင်ငံရဲ့ ပိတ်ဆို့မှုတွေကို ဖြေလျော့ပေးတာဟာ မြန်မာအစိုးရကို ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ ဆွဲဆောင်မှုရှိပေမဲ့ တုံ့ပြန်ချက်ရလဒ် အဖြေကောင်းကောင်း တွေ့လာရမှ ဆုလဒ်အနေနဲ့ ပေးစရာရှိတာ ပေးသင့်ပါတယ် အချိန်ယူပြီး ဖြေးဖြေးချင်း ဆောင်ရွက်သင့်ပါတယ်လို့ ပြောသွားပါတယ်။

အဲဒီ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုများအကြောင်း ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး အခမ်းအနား တက်ရောက်ခဲ့တဲ့ RFA အဖွဲ့သား ဦးခင်မောင်ညိန်းက တင်ပြချက်ကို နားဆင်နိုင်ပါတယ်။

0:00 / 0:00