မြေသိမ်းကိစ္စအမြန်ဖြေရှင်းရေး ပြည်ထောင်စု လွှတ်တော်နာယက သဝဏ်လွှာပေးပို့

မြန်မာနိုင်ငံအနှံ့ အကြောင်းအမျိုးမျိုးနဲ့ သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေကို အစိုးရအဖွဲ့က အချိန်မဆွဲဘဲ အမြန်ဆုံးဖြေရှင်းဆောင်ရွက်ပေးဖို့ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း က နိုင်ငံတော်သမ္မတဆီ သဝဏ်လွှာ ပေးပို့ထားကြောင်းသိရပါတယ်။

သက်ဆိုင်ရာ အစိုးရအဖွဲ့တွေက အသုံးမပြုတော့တဲ့ မြေယာတွေကို အမြန်ဆုံးတောင်သူတွေဆီပြန်ပေးဖို့ တိုက်တွန်းထားတဲ့ အဲဒီ သဝဏ်လွှာကို သူရဦးရွှေမန်းက ပြည်ထောင်စု လွှတ်တော်မှာ ဖတ်ကြားတင်ပြခဲ့ပါတယ်။

ဒါ့ပြင် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့စည်းတွေအနေနဲ့ မြေယာပြဿနာတွေကို ကိုင်တွယ်ဖြေရှင်း ဆောင်ရွက် မှု တွေ အားနည်းပြီး၊ နှေးကွေးနေကြောင်း၊ ဒီအတွင်း တောင်သူတွေမှာ တရားစွဲခံရတာတွေနဲ့ ရင်ဆိုင်နေရကြောင်း အဲဒီ သဝဏ်လွှာမှာ ပါရှိတယ်လို့သိရပါတယ်။

ပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်းထားတဲ့ လယ်ယာမြေနဲ့ အခြားမြေများ စုံစမ်းရေးကော်မရှင်ကလည်း လယ်ယာမြေ ပြဿနာတွေ့ရှိချက် အစီရင်ခံစာအပိုင်း ( ၃ ) ပိုင်းကို လွှတ်တော်မှာ တင်သွင်းဆွေးနွေးခဲ့ပြီး ဖြစ်ပါတယ်။

အဲဒီ အစီရင်ခံစာမှာ ပါတဲ့ သုံးသပ်အကြံပြုချက်တွေကို အုပ်ချုပ်ရေးအဖွဲ့စည်းအဆင့်ဆင့် က အမြန်ဆုံး အရေးယူဆောင်ရွက်ပေးဖို့နဲ့ ဆောင်ရွက်ပြီးစီးတဲ့ တိုးတက်မှုတွေကိုလည်း အနည်းဆုံး တစ်လ တစ်ကြိမ် လွှတ်တော် ကို တင်ပြဖို့ ပြည်ထောင်စုလွှတ်တော်က ဒီလအတွင်း ဆုံးဖြတ်ခဲ့ပါတယ်။