မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို ပိုက်လိုင်းတွေကတဆင့် ရောက်ရှိလာတဲ့ ရေနံနဲ့ သဘာဝဓါတ်ငွေ့တွေကို သိုလှောင်ချက်လုပ် ဖြန့်ဖြူးမယ့်စက်ရုံနဲ့ ပတ်သက်ပြီး ကူမင်းမြို့ခံ နှစ်ထောင်ကျော်က တစ်လအတွင်း ဒုတိယအကြိမ်အဖြစ် မနေ့ကဆန္ဒပြခဲ့ကြပါတယ်။
အမေရိကန်ဒေါ်လာ သန်းသုံးထောင်လောက်ကုန်ကျခဲ့တဲ့ အဲဒီစက်ရုံကို လွန်ခဲ့တဲ့ ၈ နှစ်လောက်ကတည်းက တရုတ်အစိုးရပိုင်ရေနံကုမ္ပဏီက တည်ဆောက်ခဲ့ပြီး၊ အခုလကုန်ပိုင်းမှာ စတင်လည်ပတ်တော့မှာ ဖြစ်ပါတယ်။
ဒေသတိုးတက်ဖွံ့ဖြိုးရေးထက် သဘာဝပတ်ဝန်းကျင်ထိခိုက်မှာကို စိုးရိမ်တဲ့အတွက် ဆန္ဒပြကြတာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။
ဆန္ဒပြသူတွေထဲကနှစ်ဦးကို အာဏာပိုင်တွေက ခေတ္တထိန်းသိမ်းခဲ့ပေမယ့်၊ ဆန္ဒပြပွဲကိုတော့ မပိတ်ပင်ခဲ့ဘူးလို့ မျက်မြင်တွေက ပြောပါတယ်။ ကူမင်းမြို့ ဒုတိယမြို့တော်ဝန်က ဆန္ဒပြသူတွေနဲ့ တွေ့ဆုံပြီး စက်ရုံအကြောင်းရှင်းပြဖို့ ကြိုးစားခဲ့ပေမယ့် အဆင်မပြေခဲ့ဘူးလို့ ဆိုပါတယ်။
ဒီစက်ရုံကို သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိအောင် စံချိန်စံညွှန်းတွေနဲ့အညီ ဆောင်ရွက်ထားသလို၊ ဒေသတွင်းစီးပွားရေးလည်း တိုးတက်လာမှာဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ဒါပေမယ့် ဆန္ဒပြဒေသခံတွေကတော့ သူတို့အနေနဲ့ စီးပွားရေး တဟုန်ထိုးတိုးတက်တာထက်၊ ပတ်ဝန်းကျင် စိမ်းလန်းစိုပြေသာယာပြီး ငြိမ်းချမ်းတဲ့လူ့ဘောင်ကိုသာ လိုချင်တယ်လို့ ပြောကြပါတယ်။
ဆန္ဒပြပွဲကို ရဲတပ်ဖွဲ့က စောင့်ကြည့်ရုံသာကြည့်ခဲ့ပေမယ့်၊ အစိုးရဝန်ထမ်းတွေအနေနဲ့ ဆန္ဒပြပွဲမှာမပါဝင်ဖို့နဲ့ ဒီကိစ္စကိုကျယ်ပြန့်အောင်မလုပ်ဖို့ သတိပေးထားတယ်လို့ သိရပါတယ်။
မြန်မာ-တရုတ် ရေနံနဲ့ သဘာဝဓါတ်ငွေ့ ပိုက်လိုင်းစတင်တဲ့ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် မဒေးကျွန်းမှာလည်း ပိုက်လိုင်းစီမံကိန်းအပေါ် ကန့်ကွက်ဆန္ဒပြခဲ့ကြတဲ့ ခေါင်းဆောင်တွေကို အာဏာပိုင်တွေက တရားစွဲဆိုထားပါတယ်။