လာမယ့် ၂ဝ၃ဝ ပြည့်နှစ်ကျရင် မြန်မာနိုင်ငံမှာ ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံ အရေအတွက် ၁၇ ဆ ပိုမိုတိုးတက်လာမှာဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ကြာသပတေးနေ့က ကျင်းပခဲ့တဲ့ မြန်မာ့လျှပ်စစ်စွမ်းအား ညီလာခံမှာ အပူစွမ်းအင် စီမံကိန်းဆိုင်ရာ ဒု ညွှန်ကြားရေးမှူး ဦးအေးမင်းက ပြောဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံတွေဟာ နိုင်ငံ့မြောက်ပိုင်းမှာ ပိုမိုများပြားနေကြောင်း၊ အခု လာမယ့် ၂ဝ၃ဝ ပြည့်နှစ် စီမံကိန်းအရ နိုင်ငံ့တောင်ပိုင်းမှာလည်း ဓါတ်အားပေးစက်ရုံတွေ တိုးတက်များပြား လာတော့မှာဖြစ်ကြောင်း ပြောကြားခဲ့တာပါ။
ဒီစီမံကိန်းတွေဟာ ငွေနဲ့ အချိန် အများအပြားသုံးစွဲရပြီး၊ ဓါတ်အားလိုင်းကြိုးတွေ သွယ်တန်းရေး အတွက်လည်း ရင်းနှီးမြှုပ်နှံမှုတွေ လိုအပ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။
အခုအခါ လျှပ်စစ်ဓါတ်အားကို ရေ စွမ်းအင်နဲ့ သဘာဝဓါတ်ငွေ့တွေအပေါ်မှာသာ အဓိက မှီခိုနေရလို့ ကျောက် မီးသွေးလို စွမ်းအင်မျိုးသုံးစွဲပြီး တစ်နိုင်ငံလုံးကို တစ်ရက် ၂၄ နာရီအပြည့် ဓါတ်အားပေးနိုင်မယ့် သဘာဝစွမ်းအင်မျိုး ရှာဖွေဖို့လိုနေပြီဖြစ်ကြောင်း၊ ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံတွေကသာ လိုအပ်မယ့် လျှပ်စစ်ဓါတ်အား ကို မြန်မြန်ဆန်ဆန် ထုတ်လုပ်ပေးနိုင်တဲ့အတွက် တခြားရွေးချယ်စရာ မရှိကြောင်းလည်းပြောပါတယ်။
အိမ်နီးချင်း တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေမှာတော့ ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံတွေကြောင့် လေထု ညစ်ညမ်းမှုပြဿနာကြီးထွားလာနေပါတယ်။ တချို့နေရာတွေမှာ ကျောက်မီးသွေးသုံး ဓါတ်အား ပေးစက်ရုံတွေ ပိတ်ပစ်ရတဲ့အထိ ဖြစ်နေပါတယ်။
မြန်မာနိုင်ငံမှာ လျှပ်စစ်ဓါတ်အားသုံးစွဲနိုင်သူ ဦးရေဟာ လူဦးရေရဲ့ ၃၃ ရာနှုန်းသာရှိပါတယ်။ အစိုးရကတော့ ၂ဝ၃ဝ ပြည့်နှစ်မှာ တစ်နိုင်ငံလုံး လျှပ်စစ်ဓါတ်အားသုံးစွဲနိုင်ဖို့ ရည်မှန်းထားပါတယ်။
ကျောက်မီးသွေး ဓါတ်အားပေးစက်ရုံတွေနဲ့ ပတ်သက်ပြီး ဒေါ်စန်းစန်းတင်ရဲ့ စုစည်းတင်ပြချက်ကို နားဆင်နိုင်ပါတယ်။