အဟန့်အတားတွေ ဖယ်ရှားဖို့ မြန်မာကို ကမ္ဘာ့ဘဏ် ပြောကြား


2015.03.25

မြန်မာနိုင်ငံမှာ ပုဂ္ဂလိကကဏ္ဍ အားကောင်းလာဖို့အတွက် စီးပွားရေးလုပ်ငန်းတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲ အဟန့်အတားတွေကို ဖယ်ရှားပေးဖို့ လိုအပ်နေတယ်လို့ ကမ္ဘာ့ဘဏ်က မနေ့က ထုတ်ပြန်တဲ့အစီရင်ခံစာ မှာ ဖေါ်ပြထားပါတယ်။

ရင်းနှီးမြှုပ်နှံမှုဝန်းကျင်ဆိုင်ရာ အခြေအနေ ဆန်းစစ်လေ့လာချက်ဆိုတဲ့ အဲဒီ့အစီရင်ခံစာမှာ ကာလကြာရှည် အထီးကျန်ဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံအနေနဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်နေတဲ့ကာလအတွင်း ငွေကြေး အကူအညီရရှိနိုင်မှုဟာ အကြီးမားဆုံး အခက်အခဲဖြစ်နေကြောင်း၊ စိုက်ပျိုးရေးနဲ့မသက်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းပေါင်း တစ်ထောင်ကျော်ထဲမှာ ဘဏ်ချေးငွေအနည်းငယ်သာရှိပြီး၊ မြေယာသုံးစွဲခွင့်ခက်ခဲမှု၊ လျှပ်စစ်ဓါတ်အားမလုံလောက်မှု၊ ကျွမ်းကျင်လုပ်သားမလုံလောက်မှုတွေနဲ့ ရင်ဆိုင်နေရကြောင်း ဒါ့ပြင် ပြုပြင်ပြောင်းလဲလုပ်ငန်းစဉ်အတွက် ဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေ အကောင်အထည်ဖေါ်ရာ မှာ ရှေ့နောက်ညီညွတ်ဖို့ ပွင့်လင်းမြင်သာမှုနဲ့ သတင်းထုတ်ပြန်မှုတွေမြှင့်တင်ဖို့ အလွန်အရေးကြီးကြောင်းလည်း ကမ္ဘာ့ဘဏ်အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

ဒီအတွင်း ၂၀၁၅ -၂၀၁၆ ဘဏ္ဍာရေးနှစ်မှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှု ၈.၃ % အထိ ရှိလာမယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် ADB က ခန့်မှန်းထားကြောင်း မနေ့ကထုတ်ပြန်တဲ့ ၂၀၁၅ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

၂၀၁၆ ခုနှစ်အတွင်းမှာလည်း စီးပွားရေးတိုးတက်မှုဟာ ၈ ရာခိုင်နှုန်းအထက်မှာပဲ ရှိနေနိုင်တယ်လို့ တွက်ချက်ထားပါတယ်။

ဒါဟာ မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမှုတွေရဲ့ ရလဒ်တွေအဖြစ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာခဲ့သလို စီးပွားရေးကောင်းလာတာနဲ့အမျှ၊ ဒေသတွင်းစီးပွားရေးနဲ့ ပိုမိုပေါင်းစည်းလာနိုင်ခဲ့တာတွေကြောင့်လို့ ADB ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဒုတိယအကြီးအကဲက ပြောပါတယ်။ အစိုးရအသုံးစရိတ် တိုးတက်လာသလို လုပ်ခလစာတွေလည်း တိုးလာမျာကြောင့် ဒီနှစ်အတွင်း ငွေကြေးဖောင်းပွမှုနှုန်းက ၈.၄ ရာနှုန်းအထိ မြင့်တက်လာနိုင်ပေမဲ့ နောက်နှစ်မှာ ၆ ရာနှုန်းအထိ ပြန်ကျသွားနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။

ပြုပြင်ပြောင်းလဲမှုတွေကြောင့် တိုးတက်မှုတချို့ရှိလာနေပေမဲ့ စီးပွားရေးဆိုင်ရာ အခြေခံအဆောက်အအုံတွေ ပိုမိုတိုးတက်ဖို့၊ စီမံအုပ်ချုပ်မှုနဲ့ ပြည်သူ့ဝန်ဆောင်မှုတွေအားကောင်းဖို့၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးဖို့၊ ပုဂ္ဂလိကကဏ္ဍပိုမိုတိုးတက်ဖို့၊ စိုက်ပျိုးရေးကဏ္ဍ အားကောင်းမောင်းသန်ဖြစ် စတဲ့ဖွံ့ဖြိုးရေးဆိုင်ရာစိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရဆဲဖြစ်ပြီး၊ မြန်မာလူငယ်တွေကို ခေတ်သစ်စီးပွားရေးမှာ ပါဝင်နိုင်အောင် စွမ်းဆောင်ရည်တွေဖြည့်တင်းပေးဖို့ လိုအပ်နေသေးတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။