ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဖလန်ဆောင်အရပ်၊ စမဲဒန်း ၅ လမ်းမှာရှိတဲ့ Masterpiece Garment and Textile Co. Ltd. အထည်ချုပ်စက်ရုံ အရှုံးပေါ်ပြီး ပိတ်ရတော့မှာဖြစ်တာကြောင့် အလုပ်ပြုတ်သွားကြတဲ့ မြန်မာနိုင်ငံသား အလုပ်သမား ၅၀၀ ကျော၊် လျော်ကြေးတစ်စုံတစ်ရာရရေးအတွက် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ မြန်မာသံရုံးက ကူညီဆောင်ရွက်ပေးနေပါတယ်။
မြန်မာပြည်သား အလုပ်သမား ၅၅၀ ကျော်ခန့်ရှိတဲ့ အဲဒီစက်ရုံက အလုပ်သမားတွေကို ပြီးခဲ့တဲ့ဧပြီလ ၃ ရက်နေ့မှာ စက်ရုံတာဝန်ရှိသူတွေက အစည်းအဝေးခေါ်ပြီး ဧပြီလ ၁၀ ရက်နေ့မတိုင်ခင် စက်ရုံကိုပိတ်သိမ်းတော့မှာဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။
အခုလို ရုတ်တရက်စက်ရုံပိတ်မယ်လို့ ပြောလာတာကြောင့် အလုပ်သမားတွေဟာ အလုပ်သစ်ရှာဖို့ ခက်ခဲသွားသလို၊ နစ်နာကြေးရရှိဖို့အတွက်လည်း တောင်းဆိုခဲ့ကြပါတယ်။ မြန်မာသံရုံးအနေနဲ့ အလုပ်သမားတွေ နစ်နာကြေးရရှိရေးအတွက် ကြားခံညှိနှိုင်းပေးခဲ့သလို နယ်စပ်ဖက်ကို ပြန်သွားလိုသူတွေအတွက်လည်း ကူညီစီစဉ်ပေးခဲ့တယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး အလုပ်သမားရေးအရာရှိ ဦးကျော်ကျော်လွင်က ပြောပါတယ်။
အဲဒီစက်ရုံ အလုပ်သမား ၅၅၀ ကျော်မှာ ပြီးခဲ့နှစ် ဧပြီလ ၆ ရက်နေ့ကရောက်လာတဲ့ မြန်မာအလုပ်သမား ၉၄ ဦးသာ နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ MOU နဲ့ လာတဲ့သူတွေဖြစ်ပြီး သူတို့အထဲက ၃၆ ကို မြန်မာပြည် ပြန်ပို့ပေးရမယ်လို့လည်းသိရပါတယ်။ လက်ရှိမှာတော့ အလုပ်သမားတွေကို စက်ရုံက နစ်နာကြေးအဖြစ် လုပ်အားခတစ်လစာ လျော်ကြေးပေးမယ်လို့ စက်ရုံဖက်ကပြောတဲ့အကြောင်း အလုပ်သမားတစ်ဦးက ပြောပါတယ်။
အလုပ်သမားဦးရေ ၅၀၀ လောက်က နစ်နာကြေးအဖြစ် တစ်လစာ ဘတ်ငွေ ၉၀၀၀ ကို လက်ခံခဲ့ပေမယ့် နှစ်ကြီးအလုပ်သမားဦးရေ ၃၀ လောက်ကတော့ လက်မခံကြောင်းနဲ့ သူတို့အခွင့်အရေးအတွက် ထိုင်းအစိုးရ အလုပ်သမားရုံးအကူအညီနဲ့ တရားရင်ဆိုင်တောင်းဆိုဖို့ ပြင်ဆင်နေကြတယ်လို့သိရပါတယ်။