မြန်မာ့ပို့ကုန်လုပ်ငန်း ချက်ခြင်းထိုးတက်သွားဖို့ မဖြစ်နိုင်သေး

မြန်မာနိုင်ငံက ထွက်ကုန်တွေ တင်သွင်းခွင့် ပိတ်ပင်ထားတာကို ပြန်လည်ရုပ်သိမ်းဖို့ အမေရိကန် ပြည်ထောင်စုက ဆုံးဖြတ်လိုက်တာကြောင့် မြန်မာ့ အထည်ချုပ်လုပ်ငန်းနဲ့ စိုက်ပျိုးရေးကဏ္ဍတွေ ဦးမော့လာနိုင်စရာရှိပေမဲ့ မြန်မာ့ ပို့ကုန်လုပ်ငန်းဟာ ချက်ခြင်းလက်ငင်း ထိုးတက်သွားမယ်လို့ မျှော်လင့်လို့ မရနိုင်သေးကြောင်း လေ့လာသူတွေက ပြောကြပါတယ်။

အခုလို မြန်မာ့ထွက်ကုန်တွေကို ဖွင့်ပေးလိုက်တဲ့အတွက် တချို့ကဏ္ဍတွေက ပို့ကုန်တွေ အခြေအနေ အများကြီး ပိုကောင်းသွားမှာမို့ ပြည်တွင်းစီးပွားရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေလည်း အထိုက်အလျောက် တိုးတက်လာမှာပါ။

ဒါပေမဲ့ ရေရှည်မှာ ကျွမ်းကျင်လုပ်သား ရှားပါးတဲ့ ပြဿနာတွေက ရှိနေပါသေးတယ်လို့ IHS Global Insight သုတေသနအဖွဲ့က ပြောပါတယ်။ Maplecroft စီးပွားရေး သုတေသနအဖွဲ့ကလည်း မြန်မာနိုင်ငံရဲ့ အားသာချက်တစ်ခုကတော့ လုပ်အားခ ဈေးပေါပေါ ရနိုင်တာပါပဲ။

ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယားတို့ထက် လုပ်အားခပိုပြီး ဈေးချိုနေပါသေးတယ်။ ဒါပေမဲ့ လျှပ်စစ်ဓာတ်အား မလုံလောက်တာ၊ အလုပ်သမားအခွင့်အရေး ဆိုးဆိုးရွားရွား ချိုးဖောက်တာတွေက စိုးရိမ်စရာ ဖြစ်လာဖွယ်ရှိပါတယ်လို့ ပြောဆိုပါတယ်။

ဒါ့ပြင် မြန်မာ့စီးပွားရေးမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍနဲ့ အာဏာပိုင်တွေနဲ့ နီးစပ်သူတွေရဲ့ သြဇာကလည်း ပြဿနာတစ်ရပ် ဖြစ်နေကြောင်း၊ မြန်မာနိုင်ငံရဲ့ လက်ဝါးကြီးအုပ် စီးပွားရေးပုံစံကနေ ကုန်သွယ်မှု ဖြေလျှော့ရေး ဆောင်ရွက်တဲ့နေရာမှာ စစ်တပ်ရဲ့လွှမ်းမိုးမှု အားကောင်းနေမယ့်အရေးကို အမေရိကန်ပြည်ထောင်စုက သတိကြီးကြီး ထားနေမှာ ဖြစ်ကြောင်းလည်း လေ့လာသူတွေက သုံးသပ်ဝေဖန်ကြပါတယ်။