မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အနုပညာ အရည်အချင်းအရ ရွေးချယ်မည်

မြန်မာနိုင်ငံမှာ ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆုတွေ ပေးအပ်ချီးမြှင့်ရာမှာ အနုပညာ အရည်အချင်း အပေါ် အခြေခံပြီး စတင် ဆုံးဖြတ်ရွေးချယ် သွားတော့မှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အကြီးအကဲက ဒီကနေ့ ပြောကြားလိုက်ပါတယ်။

ပြန်ကြားရေးဝန်ကြီးအသစ် ပြောင်းလဲသွားပြီးတဲ့နောက် ဒီကနေ့ ပထမဆုံး ကျင်းပတဲ့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက အခုလို ပြောကြားခဲ့တာပါ။

"၂၀၁၄ ခုနှစ်မှာ ပေးမဲ့အတွက်ကိုတော့ အခုစတင်ပြီး စည်းမျဉ်းတွေ ရေးတုန်းပါ။ ဘယ်လိုမူတွေနဲ့ ပေးမလဲ၊ ဘယ်လိုဆုတွေပေးမလဲ ဒါတွေကိုတော့ အခုမှ စတင်ညှိနှိုင်းနေဆဲ ရှိပါတယ်။ သေချာတာ တစ်ခုရှိပါတယ်။ ရုပ်ရှင်ထူးချွန်ဆု ဖြစ်တဲ့ အတွက် ရုပ်ရှင်ထူးချွန်တာကိုပဲ ကြည့်ပါမယ်"

အရင်စစ်အစိုးရ လက်ထက်က မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ပေးအပ်ချီးမြှင့်ရာမှာ အစိုးရရဲ့ပေါ်လစီ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့သူတွေကို ဦးစားပေး ချီးမြှင့်လေ့ရှိတာကြောင့် ဝေဖန်မှုတွေ ပေါ်ထွက်ခဲ့ပြီး မြန်မာရုပ်ရှင် ဇာတ်ကားတွေရဲ့ အရည်အသွေးတွေလည်း ကျဆင်းခဲ့ရတယ်လို့ ဝါရင့်ရုပ်ရှင် အနုပညာရှင်တွေက ပြောပါတယ်။

ရုပ်ရှင်အနုပညာရှင်တွေရဲ့ ထူးချွန်မှု အရည်အချင်းကို တိုင်းတာပြီး ဆုချီးမြှင့်နိုင်ဖို့အတွက် စည်းမျဉ်း စည်းကမ်းသစ်တွေကို စတင်ရေးဆွဲနေပြီလို့လည်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ပြောပါတယ်။

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးအနေနဲ့ ၂၀၁၁ နဲ့ ၂၀၁၂ ခုနှစ်တွေအတွက် ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆု ချီးမြှင့်ရာမှာ ပြန်ကြားရေး ဝန်ကြီးဌာနနဲ့ ပူးတွဲဆောင်ရွက်သွားဖို့ရှိပြီး၂၀၁၃ ခုနှစ်အတွက် ဆုချီးမြှင့်ပွဲက စတင်ကာ ရုပ်ရှင်အစည်းအရုံး တစ်ခုတည်းကပဲ ရွေးချယ် ပေးအပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ခိုးကူးခွေတွေ တိုက်ဖျက်ရေး လုပ်ငန်းတွေကိုလည်း ထိရောက်တဲ့ နည်းလမ်းတွေ ရှာဖွေပြီး ကြိုးပမ်း ဆောင်ရွက်သွားမယ်လို့ ဦးဇင်ဝိုင်းက ပြောပါတယ်။