မြန်မာအစိုးရက ၂၀၁၃ ခုနှစ် ၊ ဇူလိုင်လ ၂၆ ရက် နေ့စွဲဖြင့် မနေ့က သတင်း ထုတ်ပြန်ချက်တစ်ရပ်ကို ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါထုတ်ပြန်ချက်တွင် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ နိုင်ငံသားအားလုံးသည် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာနှင့် နတ်ကိုးကွယ်သည့်ဘာသာတို့ကို လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့်ရှိကြောင်း၂၀၁၂ ခုနှစ်နှင့် ၂၀၁၃ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများကို အမြန်ဆုံးရပ်တန့်ရန် ဆောင်ရွက်ခဲ့ပြီး ဥပဒေချိုးဖောက်သူများကိုလည်း မည်သည့်လူမျိုးနှင့် ဘာသာဝင်မဆို ခွဲခြားခြင်းမပြုဘဲ ပြစ်ဒဏ်များ ချမှတ်အရေးယူခဲ့ကြောင်း ဗုဒ္ဓဘာသာနှင့် မွတ်စလင် ဘာသာဝင်များအကြား ယုံကြည်မှုနှင့် သဟဇာဖြစ်မှုတို့သည် မြန်မာပြည်သူများအကြား ရေရှည်တည်ငြိမ်အေးချမ်းမှုအတွက် အရေးကြီးသည့်ကိစ္စရပ်ဖြစ်သလို ဘာသာရေးအစွန်းရောက်သည့် ရန်လိုမုန်းတီးမှုများကို ဆန့်ကျင်တိုက်ဖျက်သွားရန်လိုအပ်ကြောင်းနဲ့ နိုင်ငံတော်အစိုးရသည် လူမျိုးဘာသာမခွဲခြားဘဲ ထိခိုက်နစ်နာခဲ့သူများအား ပြန်လည်နေရာချထားရေးနှင့် ငြိမ်းချမ်းရေးအတွက် စေတနာရှင်နိုင်ငံများ၊ ကမ္ဘာ့ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းစသဖြင့် ဖော်ပြထားပါသည်။