မြန်မာအစိုးရက ပြည်ပသတင်းဌာနတချို့မှာ ထုတ်လွှင့်ဖော်ပြခဲ့တဲ့ နတ်မြစ်အတွင်း မိုဟာမက် ရှုဟာဘတ် ဆိုတဲ့ ၁၆ လသားအရွယ် ကလေးငယ်တစ်ဦး ရေနစ်သေဆုံးခဲ့တဲ့ သတင်းနဲ့ သူ့ဖခင် Zafor Alam ဇာဖာ အလန် (ခ) ဇာဖာဟူဆင် ဆိုသူရဲ့ ပြောကြားချက်တွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးခဲ့ရာမှာ အမှန်တကယ်ဖြစ်ပွားခဲ့ခြင်း မရှိပါဘူးလို့ ဇန်နဝါရီ ၁၉ ရက်နေ့ မနေ့က ထုတ်ပြန်ပြောကြားလိုက်ပါတယ်။
အဲဒီ ထုတ်ပြန်ချက်မှာ မောင်တောဒေသကနေ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးသွားခဲ့တဲ့ လှေတစ်စင်း ကို မြန်မာနိုင်ငံ နယ်ခြားစောင့်ရဲတပ်ဖွဲ့က ပစ်ခတ်မှုကြောင့် လူ ၁၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်းနဲ့ အဲဒီသူတွေထဲမှာပါဝင်တဲ့ ၁၆ လသားအရွယ် မိုဟာမက် ရှုဟာဘတ် သေဆုံးနေတဲ့ပုံကို ပြည်ပမီဒီယာတွေက သတင်းရေးသား ထုတ်လွှင့်ဖော်ပြခဲ့ကြောင်း၊ ဒါကြောင့် သက်ဆိုင်ရာက လိုက်လံစုံစမ်းခဲ့ရာမှာ ဇာဖာ အလန် Zafor Alam ဟာ ရေခပ်ချောင်းဂွဆုံကျေးရွာမှာ နေထိုင်ခဲ့ကြောင်း သိရှိရတဲ့အတွက် အဲဒီရွာသားတွေကို စုံစမ်းမေးမြန်းခဲ့ကြောင်း၊ ဇာဖာ အလန်ရဲ့ ညီမအရင်းဖြစ်သူ အပါအဝင် သက်သေ ၆ ဦးက အဲဒီလူမှာ သားနှစ်ဦးရှိကြောင်း၊ သုံးနှစ်အရွယ် ဆိုဖိုက်တ်နဲ့ ၁ နှစ် ၆ လအရွယ် မိုဟာမက် ရှုဟာဘတ် တို့ဖြစ်ကြောင်း၊ Zafor Alam ဟာ သူ့ရဲ့နေအိမ်မီးလောင်ခံရပြီးနောက် လွန်ခဲ့သည့် (၂) လခန့်က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားပြီး LADA ဒုက္ခသည်စခန်းမှာ နေထိုင်လျက်ရှိကြောင်း၊ သူ့ဇနီးနဲ့ သားနှစ်ဦးလည်း လွန်ခဲ့သည့် (၂) လခန့်မှာ နေအိမ် ကထွက်ခွာသွားပြီးနောက် ဒီကနေ့အထိ ပြန်လည်ရောက်ရှိလာခြင်းမရှိပဲ သေဆုံးသွားကြတယ်လို့ ကြားသိ ရကြောင်း၊ ၂၀၁၆ ခုနှစ် ဒီဇင်ဘာ (၄) ရက်နဲ့ (၅) ရက်အတွင်း ဦးရှင်းကျားချောင်းနဲ့ ချောင်းဝမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ခိုးထွက်တဲ့လောင်းလှေတစ်စင်း တိမ်းမှောက်ခဲ့တယ်ဆိုတာကို သူတို့ မကြားမသိကြောင်း၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် ကလေးငယ်တွေနဲ့ အမျိုးသမီးတွေ သေဆုံးခဲ့တယ်ဆိုတဲ့ သတင်းကိုလည်း မကြားမသိကြောင်း ပြောကြားကြတယ်လို့ ဖေါ်ပြထားပါတယ်။
တဆက်တည်းမှာပဲ ဒီသတင်းနဲ့ ပတ်သက်ပြီး ပိုမိုတိကျစွာသိရှိဖို့ ဆက်လက်စုံစမ်းနေကြောင်းလည်း နိုင်ငံတော် အတိုင်ပင်ခံရုံးရဲ့ ကြေညာချက်မှာ ပါရှိပါတယ်။
