မြန်မာဘောလုံးအသင်း နည်းပြချုပ် ဆာဘီးယားနိုင်ငံ သား ဖြစ်လာဖွယ်ရှိ

မြန်မာဘောလုံးလက်ရွေးစင်အသင်း နည်းပြချုပ်ရာထူးအတွက် ဆာဘီးယားနည်းပြ ရာဒေါ့ကို အဗရာမိုဗစ် Radojko Avramovic ကို ငှားရမ်းဖို့ သေချာသလောက်ရှိပြီး ဖေဖော်ဝါရီ ၂ ရက်နေ့မှာ နှစ်ဘက်အပြီးသတ် ညှိနှိုင်းဆွေးနွေးသွား တယ်လို့ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်က RFA ကို ဒီကနေ့ ပြောပါတယ်။

“ကျနော်တို့ လက်တလောရှိတဲ့ ကစားသမားတွေ အတွက် အကောင်းဆုံးနည်းပြရှာဖို့ ကြိုးစားနေ တာပေါ့။ ဒီ ဆာဗီးယားနည်းပြ ကတော့ မြန်မာပြည်ကို တစ်ခေါက်လာပြီး ကျနော်တို့နဲ့ ဆွေးနွေးသွားပြီးပါပြီ။ တချို့အသေးစိတ်လိုတဲ့ အချက်ကလေးတွေ ထပ်ဆွေးနွေးဖို့ကတော့ ဖေဖော်ဝါရီလဆန်း ထဲမှာ ပြန်လာမယ်။ ဆွေးနွေးပြီးရင်တော့ သဘောတူတယ်ဆိုရင်တော့ စာချုပ်ချုပ်ဖို့ ကျနော်တို့လုပ်ပါ့မယ်။ ကျနော်တို့မှာရှိတဲ့ အာဆီယံနဲ့ အာရှဝန်းကျင်မှာ ဒီဘောလုံးလောကကို သိတဲ့အနေအထားမျိုးနဲ့ ကျနော်တို့နဲ့ အံဝင်ခွင်ကျဖြစ်မယ့် အနေအထားမျိုးပေါ့နော်။ ကျနော်တို့အနေနဲ့တော့ အကောင်းဆုံးဖြစ်မယ့်လူကိုပဲ အားလုံးတိုင်ပင်ပြီးတော့ ကျနော်တို့ ရွေးဖို့ဆုံးဖြတ်မှာပါ။ ဒါပေမဲ့လို့ လောလောဆယ်တော့ ဒီ ဆာဗီးယားနည်းပြပဲ ဖြစ်ဖို့များပါတယ်။ ကျနော်တို့အနေနဲ့ အချက်အလက် တချို့လေးတွေပဲ သူနဲ့ဆွေးနွေးဖို့ ကျန်ပါတော့တယ်။”

လစ်လပ်သွားတဲ့ မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း နည်းပြချုပ်ရာထူးအတွက် ဂျာမန်နည်းပြ၊ ပြင်သစ်နည်းပြတွေအပြင် တခြားနိုင်ငံတချို့ကလည်း လျှောက်ထားထားတွေရှိပေမယ့် ဆာဘီးယားနည်းပြကိုပဲ ခန့်အပ်ဖို့များတယ်လို့လည်း ပြောပါတယ်၊

ဒီဇင်ဘာလတုန်းက မြန်မာနိုင်ငံမှာကျင်းပခဲ့တဲ့ ဆီးဂိမ်းအားကစားပွဲအပြီး တောင်ကိုရီးယားနည်းပြ ပတ်ဆောင်ဟွာကို မြန်မာ့လက်ရွေးစင်အသင်း နည်းပြရာထူးကနေ ထုတ်ပယ်လိုက်တာဖြစ်ပါတယ်၊ လက်ရှိမှာ မြန်မာ့ဘောလုံးလောကဟာ နိုင်ငံတကာနဲ့ယှဉ်ရင် အားနက်ချက်တွေ အများအပြားရှိနေပြီး ဘော်လုံးလောက တိုးတက်လာဖို့အတွက် အများကြီးလုပ်ဖို့လိုတယ်လို့လည်း ဦးဇော်ဇော်ကပြော ပါတယ်၊

"အဲတော့ အခြေခံ ရှစ်နှစ်၊ ဆယ်နှစ်သားထဲက စံနစ်တကျသင်ပြီးတော့ ယှဉ်ပြိုင်ပြီးတော့ ကျနော်တို့ရဲ့ ဘောလုံးလောကကို တည်ဆောက်ရမှာပေါ့နော်။ ကျနော်ထင်တယ်၊ အကယ်ဒမီတွေလည်း အများကြီးလိုပါတယ်။ ကျနော်တို့ ကျောင်းပြိုင်ပွဲတွေရော၊ ရပ်ကွက်ပြိုင် ပွဲတွေရောပေါ့လေ။ ဘက်ပေါင်းစုံ အားနည်းချက်ရှိတဲ့အထဲက ရှိတာကိုပဲ ကျနော်တို့က အကောင်းဆုံးဖြစ်အောင် စီစဉ်ဆောင်ရွက်ရတာဖြစ်တဲ့အတွက် ရေရှည်စီမံကိန်းတွေလုပ်ပြီးတော့မှ၊ အားလုံးလည်း ပူးပေါင်းပါဝင်ဆောင်ရွက်မှပဲ ကျနော်တို့လိုချင်တဲ့ နိုင်ငံတကာအဆင့် ဘောလုံးအသင်း တစ်သင်းဖြစ်ဖို့ ရောက်မှာပါ။ အဲဒါတော့ ကျနော်တို့ရဲ့ လိုအပ်ချက်တွေ အများကြီးရှိတယ်ပေါ့လေ။ ကျနော်တို့ကိုယ်တိုင်လည်း အားနည်းချက်တွေရှိတယ်။ အားလုံး ကိုယ့်နိုင်ငံဂုဏ်သိက္ခာရှိဖို့ အတွက် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းကြီးကို တည်ဆောက်မယ်ဆိုရင်တော့ အခြေခံကျတဲ့ ပြုပြင်ပြောင်းလဲမှုတွေ အများကြီးလုပ်ပြီးမှပဲ ကျနော်တို့ သူများနည်းတူဖြစ်နိုင်မှာပါ။"

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှာ တာဝန်ယူထားသူတွေရဲ့ လက်ရှိ ၄ နှစ်သက်တမ်းဟာ ဧပြီလမှာ ပြည့်ပြီမို့ ဧပြီလအတွင်းမှာပဲ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်နေရာတွေအတွက် ရွေးကောက်ပွဲကျင်းပဖို့ ရှိတယ်လို့လည်း ပြောပါတယ်။