ထိုင်းစက်ရုံမှာ ပိတ်လှောင်ခံရသူ မြန်မာ ၂၆ ဦး ပြန်လွတ်

မြန်မာနိုင်ငံသား ၂၆ ဦးနဲ့ လာအိုနိုင်ငံသား ၂၄ ဦးကို ထိုင်းလူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့ AHTD နဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT တို့က ပူးပေါင်းကယ်တင်နိုင်ခဲ့ပါတယ်။ ဒီလွတ်မြောက်လာသူ အယောက် ၅၀ ထဲမှာ မြန်မာနိုင်ငံ ကျိုက်ထို၊ သံဖြူဇရပ်၊ ဘုရားသုံးဆူ၊ ဘီးလင်း၊ အောင်လံ၊ ရန်ကုန်နဲ့ ပဲခူးစတဲ့ ဒေသအသီးသီးက အသက် ၁၈ နှစ်အောက် ၃ ဦးအပါအဝင် မြန်မာအမျိုးသမီး ၁၆ ဦး၊ လာအိုအမျိုးသမီး ၂၀ ဦး စုစုပေါင်းအမျိုးသမီး ၃၆ ဦး ပါဝင်ပါတယ်။

လွတ်မြောက်လာပြီး နောက်တစ်ရက်မှာပဲ မြန်မာနဲ့ လာအိုသံရုံးက တာဝန်ရှိသူတွေ သွားရောက်အားပေးစကားပြောကြားခဲ့ပြီး အဲဒီအလုပ်သမားတွေကို အရေးမယူဖို့ ထိုင်းအာဏာပိုင်တွေကို ပြောဆိုခဲ့ကြောင်းနဲ့ လိုအပ်ရင် အလုပ်သမားတွေအတွက် ကူညီဆောင်ရွက်ပေးဖို့ရှိကြောင်း မြန်မာသံရုံးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

" တာဝန်ရှိတဲ့အရာရှိကို ကျနော်တို့ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံနဲ့ အခုအချိန်မှာ ဆက်ဆံရေးလည်း အရမ်းကောင်းတယ၊် အဲဒါလေးကို ထောက်ရှုပြီးတော့မှ မဖမ်းဖို့၊ အရေးမယူဖို့။ ပြီးတော့ သူတို့ကို အမြန်ဆုံးလွှတ်ပေးဖို့၊ သံအမတ်ကြီး မှာကြားတဲ့အတိုင်း ကျနော်သူတို့ကို မေတ္တာရပ်ခံခဲ့ပါတယ်။ လိုအပ်လို့ရှိရင်တော့ သူတို့ပြန်ဖို့ သံရုံးအနေနဲ့တော့ ကျနော်တို့ ကူညီဆောင်ရွက်ပေးမှာပါ "

အဲဒီအလုပ်သမားတွေဟာ လုပ်ငန်းခွင်က ထွက်မပြေးနိုင်အောင် ၈ ပေခန့်မြင့်တဲ့ အုတ်တံတိုင်းအပေါ်မှာ လျှပ်စစ်ဓါတ်လွှတ်ထားတဲ့ ဝါယာကြိုးတွေ တပ်ဆင်ထားပြီး ပိတ်လှောင်စေခိုင်းခံနေရတာ အစောဆုံး ၁၅ ရက်ကနေ ၃ နှစ်ခန့်အထိ ရှိသူတွေဖြစ်တယ်လို့ ကယ်ဆယ်သူတွေက ပြောပါတယ်။

ရရှိတဲ့သတင်းအချက်အလက် အထောက်အထားတွေအရ AHTD အဖွဲ့နဲ့ လိုအပ်တဲ့ ညှိနှိုင်းဆောင်ရွက်မှုတွေ ပြုလုပ်ပြီးနောက် သူဌေးလုပ်သူက လက်နက်ကိုင်ဆောင်ထားတယ်လို့ ယူဆရတဲ့အတွက် အဲဒီစက်ရုံနှစ်ရုံကို ကျည်ကာအင်္ကျ ီဝတ် ရဲအင်အား ၄၀ ခန့်နဲ့ စက်ရုံတစ်ရုံပြီးတစ်ရုံ ဝင်ရောက်စီးနင်းခဲ့ရတာဖြစ်ကြောင်း MATအဖွဲ့ရဲ့ ဒါရိုက်တာ ဦးကျော်သောင်းက ပြောပါတယ်။

"ကျနော်တို့ခြံရှေ့ကို ကားရပ်တာနဲ့ တပြိုင်တည်း သူဌေးကပြေးပြေးဆိုတဲ့အတွက် အလုပ်သမားတွေဟာ အကုန်လုံးအခန်းတွေထဲကို ဝင်ပြီးတော့ ပုန်းနေကြတယ်၊ ကျနော်က ဗမာသံနဲ့အော်တယ်၊ လာကယ်တာ၊ နင်တို့တွေ မပြေးကြနဲ့ ထွက်ကြဆိုတော့ ဗမာတွေထွက်လာကြတယ်၊ လာအိုတွေလည်း ထွက်လာကြတယ်၊ ထူးခြားတာတစ်ခုက အဲဒီအလုပ်ရုံမှာ လျှပ်စစ်ကြိုး နှစ်ချောင်းလွှတ်ထားတယ်၊ အလုပ်သမားတွေ ထွက်ပြေးရင် ဓါတ်လိုက်လို့ သေအောင်ဆိုပြီးတော့၊ အဲဒါတွေကို AHTD နဲ့ အဲဒီ channel 7 ကသတင်းထောက်တွေက သေသေချာချာလျှပ်စစ်မီး tester နဲ့စမ်းတော့ မီးတကယ်လင်းတယ်၊ တကယ်ပဲ လျှပ်စစ်လွှတ်ထားတာကိုတွေ့ရတယ်၊ စိတ်မကောင်းစရာပေါ့၊ ဆိုတော့ ပွဲစားလင်မယားတစ်တွဲရယ် နောက်အမျိုးသမီး တစ်ယောက် ပွဲစား ယောက်ကို ကျနော်တို့ဖမ်းဆီးနိုင်ခဲ့တယ်၊ သူဌေးလင်မယား နှစ်ယောက်ကိုလည်း ဖမ်းပြီးတော့ခေါ်လာတယ် "

ဖမ်းဆီးခံရတဲ့ ပွဲစားတွေကတော့ ဘုရားသုံးဆူဒေသသားတွေဖြစ်တဲ့ အောင်ဇော်မိုးနဲ့ သဉ္ဖာမိုး ဆိုသူလင်မယားနဲ့ မနွေးထွေး ဆိုသူတို့ဖြစ်ပြီး တစ်ယောက်လွတ်သွားတယ်လို့ ဆိုပါတယ်။ မကွေးတိုင်း အောင်လံမြို့နယ်က မနွယ်နွယ်ဦး ကတော့ သူမတို့ကို ပွဲစားတွေက လိမ်ညာပြီးခေါ်လာကြောင်း၊ ကားပေါ်မှာလည်း လူချင်းထပ်ကာခေါ်လာတာဖြစ်ပြီး ဒီအလုပ်ရောက်လာတဲ့ သူမအတွေ့အကြုံကို အခုလိုပြောပါတယ်။

" သမီးလမ်းမှာပေါ့နော်၊ စလာတုန်းကတော့ ကြပ်ကြပ်သပ်သပ်နဲ့ လာခဲ့ရတယ်။ ဒုက္ခရောက်ခဲ့ရတယ်။ သေလုမတတ်ပဲ။ လူထပ်ထပ်ပြီးတော့ပေါ့နော်၊ ဒီလည်းရောက်ရော အလုပ်ကဗူးခွံကောက်ရတဲ့ အလုပ်ဖြစ်နေတယ်၊ သမီးတို့ကိုခေါ်တော့ ရေသန့်စက်ရုံလို့ ပြောခေါ်တယ်။ အလုပ်ကတော့ လူကိုအရမ်းခိုင်းတယ်။ အမြန်လုပ်ပေးပေါ့နော်။ မခိုမကပ်လုပ်ပေးတယ်။ ဒါပေမယ့် အဲဒီသူဌေးသမီးကို အကောင်းမပြောဘူး။ ဟိုဘေးမှာလည်း လျှပ်စစ်တွေလွှတ်ထားတယ်။ ပြီးတော့ သမီးတို့ကို အပြင်ပေးမထွက်ဘူး၊ ကန်ဇွန်းရွက်စားချင်တယ်ဆိုတာတောင် သူအပြင်ပေးမထွက်ဘူး။ ဘာလို့ဆိုတော့ ထွက်ပြေးမှာကြောက်လို့ လို့ပြောတယ်၊ ဟိုဘက်အခန်းက လေးယောက်ကို သူဌေးမောင်းထုတ်တယ်။ ရိုက်တယ်နှက်တယ်၊ ပါးတွေဘာတွေ ရိုက်တယ်၊ ဒါပေမယ့်သူ့ အသံကြောက်လို့ သမီးတို့ အခန်းထဲက မထွက်ရဲဘူး။ သမီးတို့ ကိုယ့်အမေဆီကိုပဲ ကိုယ်ပြန်တော့မယ်။ ကိုယ့်ဗမာပြည်မှာပဲ ကောင်းရောင်းကောင်းဝယ်လုပ်စားတော့မယ် ဆုံးဖြတ်ထားတယ်။ "

အလုပ်သမားတွေကို ပွဲစားတွေက တစ်ဦးကိုဘတ်ငွေ ၁၂၀၀၀ နဲ့ ရောင်းစားခဲ့ကြတာဖြစ်ပြီး၊ သူဌေးလုပ်သူက အလုပ်သမားတစ်ဦးကို တစ်လ ဘတ်ငွေ ၅၅၀၀ နဲ့ အလုပ်သမတစ်ဦးကို ဘတ်ငွေ ၅၀၀၀ လစာပေးတယ်လို့ သိရပါတယ်၊ ဒါပေမဲ့ အဲဒီအထဲကနေ တစ်လကို အခန်းခ ၆၀၀၊ ရေခမီးခ ၃၀၀ နဲ့ ရဲကြေး ၃၀၀ စုစုပေါင်း ၁၂၀၀ ပြန်ဖြတ်တယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။

စက်ရုံထဲမှာ အဲဒီအလုပ်သမားတွေဟာ ၈ ပေ ပတ်လည်ခန့်ရှိတဲ့ အခန်းငယ်လေးတွေမှာ တစ်ခန်းကိုလူ ၄ ဦးစီ နေထိုင်နေခဲ့ကြရပြီး၊ တချို့အခန်းတွေမှာဆို လင်မယားစုံတွဲ ၂ တွဲစီ နေထိုင်ကြရတယ်လို့ သိရပါတယ်၊ အစားအသောက်ကိုတော့ သူဌေးလုပ်သူရောင်းတဲ့ဆိုင်ကသာ ဝယ်စားကြရပြီး ပုံမှန်အားဖြင့် ကြက်ဥနဲ့ ခေါက်ဆွဲခြောက်သာရှိတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။

လက်ရှိမှာ အလုပ်သမား ၆ ဦးကို ယာယီကယ်ဆယ်ရေးစခန်းမှာထားရှိပြီး၊ ကျန်ရှိသူတွေကိုတော့ ကလောင်လန် (Kloung Luang) ရဲစခန်းအတွင်းမှာထားရှိကာ လိုအပ်တဲ့စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။