မြန်မာစစ်တပ် နယ်မြေကျူးကျော် စခန်းချတယ်လို့ အိန္ဒိယသတင်းစာပြော

မြန်မာ-အိန္ဒိယနယ်စပ် မိုရေးမြို့ကို မြန်မာ စစ်တပ်က ကြာသပတေးနေ့က ဖြတ်ကျော် ဝင်ရောက်ပြီး၊ Chandal ခရိုင် Holenphai ရွာမှာ ကျူးကျော် စခန်းချထားတယ်လို့ အိန္ဒိယနိုင်ငံထုတ် Times of India သတင်းစာကြီးက ရေးသားဖော်ပြထားပါတယ်။

မြန်မာစစ်တပ်က အဲဒီနယ်မြေဟာ မြန်မာနိုင်ငံပိုင်နယ်မြေ ဖြစ်တယ်လို့ပြောကြောင်း၊ မဏိပူရပြည်နယ်အစိုးရက ဘယ်လိုဆက်လက်ဆောင်ရွက်ရမယ်ဆိုတာ ဗဟိုအစိုးရအဖွဲ့ကို အကြောင်းကြားထားကြောင်းလဲ သတင်းမှာဖော်ပြထားပါတယ်။

အဲဒီနယ်မြေမှာ လုံခြုံရေးတာဝန်ယူထားတဲ့ အာသံသေနတ်ကိုင်တပ်ရင်းကတော့ အဲဒီ Holenphai နယ်မြေမှာ အင်အားတိုးမြှင့်ချထားပြီး အခြေအနေကို အကဲခတ်နေကြောင်း၊ အဲဒီဒေသမှာ အလျား ၁ဝ ကီလိုမီတာရှိတဲ့ ခြံစည်းရိုးကာရံမယ့်ကိစ္စနဲ့ ပတ်သက်ပြီး၊ သူတို့ မြေတချို့ မြန်မာဖက်ပါနေပြီဆိုပြီး၊ ဒေသခံမဏိပူရ အတိုက်အခံပါတီတွေက ကန့်ကွက်နေကြကြောင်း သတင်းမှာ ဆက်လက်ဖော်ပြထားပါတယ်။

မိုရေးမြို့ တောင်ဖက် ၂ မိုင်လောက်မှာရှိတဲ့ နယ်စပ်ကျောက်တိုင်အနီးမှာ အမှတ် ၇၆ မှာ မြန်မာ့တပ်မတော် အမှတ် ၈၇ ခြေမြန်တပ်ရင်းက ရဲဘော်တွေက မြေရှင်းပြီး၊ စခန်းချနေတဲ့အတွက် မဏိပူရ အာဏာပိုင်တွေက အထက်က အမိန့်တိတိကျကျ မလာခင် လုပ်ငန်းခေတ္တရပ်ထားဖို့ ပြောထားတယ်လို့လည်း ဆိုပါတယ်။