မြန်မာ ၊ ဂျပန် စစ်ရေး ဆက်ဆံမှု ပြန်ထူထောင်မည်

မြန်မာ နဲ့ ဂျပန် နှစ်နိုင်ငံကြား ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်တွေ ပြန်လည် ထူထောင် တိုးမြှင့်ဖို့ သဘောတူညီခဲ့ကြပါတယ်။

မြန်မာနိုင်ငံကို လေးရက်တာချစ်ကြည်ရေးခရီးလာရောက် ခဲ့တဲ့ ဂျပန်နိုင်ငံ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရှီဂဲယု အီဝါဆာကီ ဟာ အင်္ဂါနေ့က မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ တွေ့ဆုံခဲ့ပြီး၊ ဗုဒ္ဓဟူးနေ့က သမ္မတ ဦးသိန်းစိန် နဲ့ တွေ့ဆုံခဲ့ပါတယ်။

နှစ်နိုင်ငံ စစ်ရေးခေါင်းဆောင်နှစ်ဦး တွေ့ဆုံခဲ့ရာမှာ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်တွေ ဆွေးနွေးခဲ့ကြပြီး၊ ဂျပန် ကာကွယ်ရေး လက်နက်ကိုင်တပ်များနဲ့ မြန်မာ စစ်တပ်ကြား အဆင့် တိုင်းမှာ အပြန်အလှန် အတုံ့အလှယ်တွေ ပြုဖို့အရေး ကြီးကြောင်း သဘောတူညီခဲ့ကြတယ်လို့ ဂျပန်ကာ ကွယ်ရေး ဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ပါတယ်။

ဂျပန်စစ်ဦးစီးချုပ်ရဲ့ ခရီးစဉ်ဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဂျပန်ရဲ့အဆင့်အမြင့်ဆုံး စစ်ခေါင်းဆောင်တစ်ဦး မြန်မာနိုင်ငံ ကိုပထမဆုံးအကြိမ် လာရောက်တာဖြစ်ပါတယ်။ အခုလို နှစ်နိုင်ငံကြား စစ်ရေးဆက်ဆံ မှု ပြန်လည်ထူထောင်ရေး ရည်မှန်းချက်ကို ပြီးခဲ့တဲ့ ၂၀၁၃ခု မေလ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး မြန်မာနိုင်ငံကို လာရောက်ခဲ့စဉ်အတွင်းချမှတ် ခဲ့တာဖြစ်ပြီး၊ အဲဒီနှစ် ဒီဇင်ဘာလ သမ္မတ ဦးသိန်းစိန် ရဲ့ ဂျပန်ခရီးစဉ်မှာ ထပ်မံ အတည်ပြုခဲ့တာဖြစ်ပါတယ်။

နှစ်နိုင်ငံ စစ်ရေးခေါင်းဆောင်နှစ်ဦး တွေ့ဆုံခဲ့ရာမှာ တောင်တရုတ်ပင်လယ်ရေပိုင်နက်ပြဿနာ အပါအဝင် အာရှ ပစိဖိတ်ဒေသတွင်း ကိစ္စတွေအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြရာမှာ ဒေသတွင်းပြဿနာတွေကို တွေ့ဆုံဆွေးနွေးမှုတွေ ကတဆင့် ဖြေရှင်းဖို့အရေးကြီးကြောင်း သဘောတူညီခဲ့ကြတယ်လို့ ဂျပန်ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ကြေညာချက် မှာ ဖေါ်ပြပါတယ်။