တပ်မတော်က တရားစွဲမှုဟာ ခြိမ်းခြောက်မှုဟု MJN ပြောကြား


2016.06.30

တပ်မတော်က တရားစွဲဆိုခဲ့တာကြောင့် 7 Day သတင်းစာအနေနဲ့ နိုင်ငံပိုင်သတင်းစာမှာ ပြန်လည်တောင်း ပန်ကြောင်း ဖော်ပြခဲ့ရတာဟာ မီဒီယာလွတ်လပ်ခွင့်ကို ခြိမ်းခြောက်မှုတစ်ခုအဖြစ်ထင်မြင်ကြောင်း မြန်မာဂျာနယ် လစ်ကွန်ရက်က သဘောထားထုတ်ပြန်ချက်တစ်စောင် ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။

7 Day သတင်းစာက ရေးသားလိုက်တဲ့သတင်းဟာ သတင်းစာပညာအရ မှားယွင်းမှုမရှိဘူးလို့ မြန်မာဂျာနယ်လစ် ကွန်ရက် အတွင်းရေးမှူး ၂ မဝေမာသိမ့် က ပြောပါတယ်။

"7 Day က အဓိကရေးသားထားက သူရဦးရွှေမန်းရဲ့ ဖေ့စ်ဘွတ်မှာ တင်ထားတဲ့ အကြောင်းအရာကို အခြေခံ ပြီးတော့ ရေးသားတယ်၊ နောက်တစ်ဘက်က သူတို့ရဲ့ သတင်းအရင်းမြစ်တွေကို မေးထားတယ်ပေါ့နော်၊ အဲ့မေးထားတဲ့အပေါ်မှာ သတင်းသမားတစ်ယောက်က သူ့ရဲ့ယူဆချက်တွေမပါဘူး၊ တခြားလူတွေရဲ့ သဘောထားအမြင်နဲ့ပဲ သတင်းတစ်ပုဒ်ကို ဖန်တီးဖေါ်ပြထားတာဖြစ်တယ်၊ အဲ့အပေါ်မှာ ကျမတို့အနေနဲ့ ရှုမြင်တာကလည်း သတင်းစာပညာအရ ကြည့်မယ်ဆိုရင်တော့ မှားယွင်းမှုမရှိဘူးလို့ ကျမတို့အနေနဲ့ အဲ့လို ရှုမြင်ပါတယ်၊ ကျမတို့ထုတ်ပြန်ချက်ထဲမှာ အဲ့ဒါလေးကို ထည့်ထားတာဖြစ်ပါတယ်"

ဒါ့အပြင် မီဒီယာသမားတွေဘက်က ပြန်လည်တောင်းပန်ကြောင်း ဖော်ပြလိုက်တာဟာ အယ်ဒီတာတွေရဲ့ သတင်းခန်း စီမံခန့်ခွဲမှုအပေါ်မှာ ပိုင်ရှင်တွေအနေနဲ့ ဝင်ရောက်စွက်ဖက်သလို သတင်းမီဒီယာသမားတွေရဲ့ လွတ်လပ်စွာ သတင်းထုတ်ဖော်ခွင့်ကို ခြိမ်းခြောက်တဲ့သဘော သက်ရောက်စေကြောင်းလည်း ပြောပါတယ်။

7 Day သတင်းစာမှာ ပြီးခဲ့တဲ့ ဧပြီလက "စစ်တက္ကသိုလ်ဆင်းညီနောင်များအား လက်ရှိအစိုးရနဲ့ပူးပေါင်းဆောင် ရွက်ရန် သူရဦးရွှေမန်းတိုက်တွန်း"ဆိုတဲ့ ခေါင်းစဉ်နဲ့သတင်းကို ဖော်ပြခဲ့ရာမှာ တပ်တွင်းစည်းလုံးညီညွတ်မှုကို ပျက်ပြားအောင် သတင်းဖော်ပြခဲ့တယ်ဆိုပြီး တပ်မတော်ဘက်က ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့က ကမာရွတ်ရဲစခန်းမှာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၃၁ နဲ့ အမှုဖွင့်တိုင်ကြားခဲ့ပါတယ်။

အမှုဖွင့်ပြီးနောက် 7Day သတင်းစာနဲ့ တပ်မတော် တာဝန်ရှိသူတွေကြား ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး 7 Day Daily သတင်းစာနဲ့ နိုင်ငံပိုင်သတင်းစာတွေမှာ တပ်မတော်သို့ ပန်ကြားလွှာထုတ်ပြန်ပြီး ဖော်ပြတောင်းပန်ခဲ့တာဖြစ်ပြီး အမှုကို ပိတ်သိမ်းလိုက်ပြီဖြစ်ပါတယ်။

အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာဂျာနယ်လစ်ကွန်ရက်ရဲ့ အတွင်းရေးမှူး ၂ မဝေမာသိမ့် ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။