မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ဆာလာရမ်း (Selayang) အရပ်မှာ ပြီးခဲ့တဲ့ရက်က သတ်ဖြတ်ခံလိုက်ရ တဲ့ မြန်မာနိုင်ငံသားရဲ့ အလောင်းကို ကပုန်းနာရေးကူညီမှုအသင်းက တာဝန်ယူပြီး ဒီကနေ့ သြဂႋုလ်လိုက်တယ်လို့ သိရပါတယ်။
အသက် ၃ဝ အရွယ် ကိုသန်းသန်းဆိုသူဟာ သြဂုတ်လ ၃ ရက်နေ့က အမည်မသိ လူသုံးဦးရဲ့ လက်ချက်ကြောင့် ဓားဒဏ်ရာနဲ့ သေဆုံးခဲ့တာဖြစ်ပါတယ်။
မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသားတွေအတွက် လုံခြုံမှုလုံးဝမရှိသေးကြောင်း၊ တိုက်ခိုက်တဲ့ တရားခံတွေကိုလည်း မလေးရှားအစိုးရက ထိထိရောက်ရောက် အရေးယူဆောင်ရွက်မှုမရှိကြောင်း ကပုန်းနာရေးကူညီမှုအဖွဲ့က ကိုဆန်းဝင်းကပြောပါတယ်။
“အဲဒီနယ်မြေကို ဘယ်သူမှမသွားရဲဘူး၊ မြန်မာတွေအားလုံးက သတ်မှတ်ထားတာ အမဲရောင်နယ်မြေဖြစ်နေတယ်၊ သူက အလုပ်ပြန်လုပ်လို့ရတယ်၊ ပိုက်ဆံရှာရတာ လွယ်တယ်ဆိုပြီး အဲမှာသွားပြီး အလုပ်ပြန်လုပ်လိုက်တာ၊ အခုတ်ခံလိုက်တဲ့အခါကျတော့ ကျန်တဲ့လူတွေအားလုံးက မွတ်စလင်တွေဆိုတော့ ဒါကိုဘယ်သူမှ အရေးတယူမလုပ်ဘူးလေ၊ ရဲကစစ်ချက်တွေ တင်ပြီးပြီတဲ့၊ ဘာမှမတတ်နိုင်ဘူး စခန်းကိုလွှဲထားတယ်၊ အမှုတွေက အနောက်မှာ ဖိအားပေးမယ့်လူမရှိဘူး၊ ရှစ်မှုရှိသွားပြီ၊ တစ်မှုမှမပေါ်ဘူး”
မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ တိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူ ဒီကနေ့အထိ ရှစ်ဦးရှိပြီဖြစ်ပါတယ်။ ဒီတိုက်ခိုက်ခံရမှုတွေနဲ့ ပတ်သက်ပြီး တရားခံတွေကို ဒီကနေ့အထိ မဖော်ထုတ်နိုင်သေးပါဘူး။
ဒီအတောအတွင်းမှာပဲ အင်ဒိုနီးရှားနိုင်ငံမြို့တော် ဂျာကာတာအနောက်ပိုင်းက ဗုဒ္ဓဘာသာ ဘုရားကျောင်းတစ်ကျောင်းမှာ ဖြစ်ပွားခဲ့တဲ့ဗုံးပေါက်ကွဲမှုဟာ မြန်မာနိုင်ငံက မွတ်စလင် ရိုဟင်ဂျာတွေအတွက် လက်တုံ့ပြန်တာဖြစ်ပုံရတယ်လို့ အင်ဒိုနီးရှား သာသနာရေးဝန်ကြီးက ပြောပါတယ်။
တနင်္ဂနွေနေ့ညက ဘုရားကျောင်းအတွင်း လူသုံးရာကျော်ဝတ်ပြုနေချိန်မှာ ကျောင်းအဝင်တံခါးအနီးမှာ လက်လုပ်ဗုံးလို့ ယူဆရတဲ့ပစ္စည်းတစ်ခု ပေါက်ကွဲခဲ့တဲ့အတွက် လူတစ်ဦးဒဏ်ရာအနည်းငယ်ရပြီး ဘုရားကျောင်းအဆောက်အဦး အနည်းအငယ်ပျက်စီးခဲ့ပါတယ်။
ဒါဟာ လုံခြုံရေးကင်မရာမှတ်တမ်းတွေအရ အဖြူရောင်ဝတ်စုံနဲ့ ဗုဒ္ဓဘာသာဝင်တစ်ဦးအသွင် ဝတ်ဆင်ထားသူတစ်ဦးက အထုပ်တစ်ထုပ်ကို ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ တံခါးအနီးမှာချသွားတာ တွေ့ရတယ်လို့ဆိုပါတယ်။ လက်လုပ်ဗုံးလို့ ယူဆရတဲ့ပစ္စည်းသုံးခုမှာ တစ်ခုသာပေါက်ကွဲခဲ့ပြီး ဖောက်ခွဲပစ္စည်းတစ်ခုမှာ ရိုဟင်ဂျာတွေရဲ့ အော်ဟစ်သံအတွက် တုံ့ပြန်လိုက်ပြီလို့ ရေးသားထားတာတွေ့ရကြောင်း သာသနာရေးဝန်ကြီးက ပြောပါတယ်။
