ကချင်ပြည်နယ်က စစ်ပြေးဒုက္ခသည်စခန်းတွေနားမှာချထားတဲ့ မြန်မာအစိုးရတပ်တွေအားလုံး ရုပ်သိမ်းပေးဖို့နဲ့ နိုင်ငံတကာကသတ်မှတ်ထားတဲ့ ပြည်တွင်းစစ်ပြေးဒုက္ခသည်များဆိုင်ရာအခွင့်အရေး ကို မြန်မာ့တပ်မတော်ကလေးစားလိုက်နာဖို့ကချင်အရပ်ဖက်အဖွဲ့အစည်း ၁၇ ဖွဲ့က တောင်းဆိုလိုက် ပါတယ်။
မေလ ၂၀ ကနေ ၂၂ ရက်နေ့ထိ မိုင်ဂျာယန်မြို့မှာပြုလုပ်ခဲ့တဲ့အစည်းအဝေးအပြီး အခုလိုကြေညာ ချက်ထုတ် တောင်းဆိုလိုက်တာပါ။ ပြီးခဲ့တဲ့ ဧပြီလဆန်းကစပြီးဖြစ်ခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်က စစ်ပွဲတွေကြောင့် စစ်ပြေးဒုက္ခသည်ဦးရေ ၄ ထောင်ကျော်တိုးလာခဲ့တယ်လို့ ဆိုပါတယ်။
ဒါကြောင့်အဲဒီဒုက္ခသည်တွေကို ဖမ်းဆီးစစ်ဆေးတာမပြုလုပ်ဖို့၊ သူတို့တွေနေရပ်ပြန်ရေးကို နိုင်ငံတကာလူသားချင်းစာနာမှုစည်းမျဉ်းတွေအရဆောင်ရွက်ဖို့နဲ့ အဲဒီနိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ကူညီထောက်ပံ့မှုကိုလဲ ဒုက္ခသည်တွေဆီတိုက်ရိုက်ရောက်အောင် ဒေသခံလူထုအခြေပြုအဖွဲ့တွေနဲ့ ဆက်သွယ်ဆောင်ရွက်ဖို့အပါအဝင် စုစုပေါင်း ၆ ချက်ကို တောင်းဆိုထားပါတယ်။
