အစိုးရနဲ့ ပုဂ္ဂလိက ကဏ္ဍအသီးသီးမှာ အလုပ်သမား သမဂ္ဂတွေဖွဲ့စည်းဖို့ ပြည်တွင်းအလုပ်သမား သမဂ္ဂအဖွဲ့ဝင်တွေနဲ့ နိုင်ငံတကာ အလုပ်သမားသမဂ္ဂ ကိုယ်စားလှယ်တွေဟာ ရန်ကုန်မြို့ ချက်ထရီယမ် ဟိုတယ်မှာ အောက်တိုဘာလ ၁၉ ရက် ကနေ့ ဒီကနေ့ထိ ၂ ရက်ကြာ ဆွေးနွေးခဲ့ကြပါတယ်။
အခုလိုနိုင်ငံတကာက အလုပ်သမားသမဂ္ဂ ကိုယ်စားလှယ်တွေနဲ့ ပြည်တွင်းအလုပ်သမား သမဂ္ဂတွေ တွေ့ဆုံခဲ့တာနဲ့ပတ်သက်ပြီး ဆွေးနွေးပွဲကို ဦးဆောင်ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် FTUM အဖွဲ့ရဲ့ အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင် က အခုလိုပြောပါတယ်။
"ကျနော်တို့ဆွေးနွေးဖို့ ကြိုးစားနေတာ ကပေါ့နော်၊ ကျနော်တို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂတွေကို ကျနော်တို့ မြန်မာပြည်မှာရှိတဲ့ အလုပ်သမားသမဂ္ဂအနေနဲ့ တွေ့ပေး တာတစ်ခု ကျနော်တို့နိုင်ငံက အလုပ်သမားသမဂ္ဂတွေကို အပြည်ပြည်ဆိုင်ရာမှာရှိတဲ့ ကဏ္ဍအလိုက်ဖွဲ့ထားတဲ့သမဂ္ဂတွေပေါ့နော်၊ ဥပမာဆိုလို့ရှိရင် ကျနော်တို့ ကျောင်းဆရာသမဂ္ဂတွေနဲ့ အပြည်ပြည်ဆိုင်ရာပညာရေးသမဂ္ဂနဲ့ ကျနော်တို့ မိတ်ဆက်ပေးဖို့ အသိပညာရေးတိုးပွားလာအောင် ဘယ်လိုလုပ်မလဲဆိုတာတွေကိစ္စ၊ နောက် အပြည်ပြည်ဆိုင်ရာ ပို့ဆောင်ရေးသမဂ္ဂနဲ့ ကျနော်တို့ ရထားပို့ဆောင်ရေးတို့၊ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးတို့နဲ့ တွေ့ဖို့ကိစ္စ၊ နောက်တခါ ကျနော်တို့ သစ်နဲ့ဆောက်လုပ်ရေး အပြည်ပြည်ဆိုင်ရာသစ် နဲ့ဆောက်လုပ်ရေးကို ကျနော်တို့ဆီက သစ်နဲ့ဆောက်လုပ်ရေး ကဏ္ဍကလူတွေနဲ့ တွေ့ပေးဖို့ကိစ္စ ၊ နောက် သတ္တုတွင်းကိစ္စ ဒီလိုသက်ဆိုင်ရာကဏ္ဍအလိုက် တွေ့ပေးဖို့ ကျနော်တို့ကြိုးစားတဲ့ ကဏ္ဍပေါ့နော်"
၂ ရက်ကြာကျင်းပခဲ့တဲ့ဆွေးနွေးပွဲအတွင်း ပုဂ္ဂလိကစက်မှုလုပ်ငန်းသမဂ္ဂ ကိုယ်စားလှယ်တွေအပြင် အစိုးရ ဋ္ဌာနဆိုင်ရာ ဝန်ထမ်းတွေဖွဲ့စည်းထားတဲ့ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။
ဒီနေ့ ဆွေးနွေးပွဲမှာ ပဲခူးတိုင်း ဒိုက်ဦးမြို့နယ် ကုန်တင်ကုန်ချ အဖွဲ့အစည်းက ကိုယ်စားလှယ်တွေနဲ့ အလုပ်သမား သမဂ္ဂ ဖွဲ့စည်းဖို့ပြင်ဆင်နေတဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေး အောက်ခြေလုပ်သားကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။
အလုပ်သမားဝန်ကြီးဋ္ဌာနက အစိုးရဝန်ထမ်းတွေနဲ့ ပုဂ္ဂလိကလုပ်ငန်းတွေမှာ လုပ်ကိုင်နေကြတဲ့အလုပ်သမားတွေ ကို သက်ဆိုင်ရာကဏ္ဍအလိုက် အလုပ်သမားသမဂ္ဂတွေဖွဲ့စည်းခွင့်ပြုထားပြီးဖြစ်ပါတယ်။
အဲ့ဒီဆွေးနွေးပွဲမှာ တက်ရောက်ခဲ့ကြတဲ့ အလုပ်သမားသမဂ္ဂ ကိုယ်စားလှယ်တွေရဲ့ အမြင်တွေကို RFA သတင်းထောက် ကိုမျိုးဇော်ကို က စုစည်းတင်ပြထားပါတယ်။
