မြန်မာလုပ်သားတွေအတွက် အကာအကွယ်ပေးမဲ့ သဘောတူညီချက်များလို

မလေးရှားကို မြန်မာအိမ်ဖော် အလုပ်သမားတွေ စေလွှတ်မယ်ဆိုရင် မြန်မာအလုပ်သမားတွေရဲ့အခွင့်အရေးကို အကာကွယ်ပေးနိုင်မဲ့ အခြေခံ သဘောတူညီချက်တွေကို မလေးရှားအစိုးရနဲ့ ဦးစွာကတိကဝတ် ပြုထားဖို့လိုကြောင်း မလေးရှားနိုင်ငံမှာ မြန်မာအလုပ်သမားအရေး ဆောင်ရွက်ပေးနေတဲ့ Burma Campaign Malaysia အဖွဲ့က သမ္မတ ဦးသိန်းစိန်အစိုးရကို ပေးတဲ့ အိတ်ဖွင့်ပေးစာထဲမှာ ဖော်ပြထားပါတယ်။

မြန်မာအစိုးရနဲ့ မလေးရှားအစိုးရတို့အကြား အိမ်ဖော် အလုပ်သမားတွေအတွက် MOU ခေါ် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးတဲ့အခါ ပါဝင်သင့်တဲ့ အချက်တွေကို ဒီအိတ်ဖွင့်ပေးစာထဲမှာ ဖော်ပြထားပါတယ်။

အိတ်ဖွင့်ပေးစာနဲ့ ပတ်သက်ပြီး Burma Campaign Malaysia အဖွဲ့ရဲ့ညွန်ကြားရေးမှူး ကိုထွန်းထွန်းက အခုလိုရှင်းပြပါတယ်။

" အဲဒီ MOU မှာ အဓိကပါရမယ့် အချက်တွေကို ကျွန်တော် high light ပေးထားတယ်။ ဒီအချက်တွေပါခဲ့မယ် ဆိုလို့ရှိရင် အဲဒီ MOU ကိုမှီးပြီးတော့ ရေးရမယ့် အလုပ်ရှင် အလုပ်သမားစာချုပ်တွေ အကုန်လုံးက ကောင်းမွန်တဲ့ စာချုပ်တွေ ဖြစ်သွားနိုင်တယ်။ လာမဲ့ ကျွန်တော်တို့ အလုပ်သမားတွေအတွက် အများကြီး အဆင်ပြေမယ်။ အဲဒီအတွက် ရည်ရွယ်ပြီး ဦးသိန်းစိန်ကို ကျွန်တော် အိတ်ဖွင့်ပေးစာကို ပေးတာဖြစ်ပါတယ်"

ဒီအိတ်ဖွင့်ပေးစာထဲမှာ နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ် ILO ရဲ့သတ်မှတ်ချက်တွေကို အခြေခံပြီး ပါဝင်သင့်တဲ့ အချက်အလက်တချို့ကို ဖော်ပြထားပါတယ်။

ဥပမာ မြန်မာအလုပ်သမားတွေအနေနဲ့ အလုပ်ရှင်နဲ့ လွတ်လွတ်လပ်လပ် စာချုပ်ခွင့်ရှိရမယ်။ လုပ်ကိုင်ရမယ့် အလုပ်အမျိုးစားနဲ့ အလုပ်ချိန်ကို တိတိကျကျ သတ်မှတ် စာချုပ်ထားရမယ်။ အလုပ်လုပ်ရမယ့် အလုပ်ခွင်အနေအထား၊ ရမယ့်လစာ စတာတွေကို မလေးရှားကို မသွားရောက်မီကတည်းက မြန်မာအလုပ်သမားနဲ့ မလေးရှားအလုပ်ရှင်တို့ သဘောတူ စာချုပ်ထားရမယ် စတဲ့အချက်တွေ ပါဝင်ပါတယ်။

ဒါ့အပြင် အလုပ်သမားရှာဖွေရေး ကုမ္ပဏီတွေ အနေနဲ့လည်း ဒီအချက်တွေကို ကြိုတင်စာချုပ်နိုင်အောင် ကူညီဆောင်ရွက်ပေးရမယ် စသည်ဖြင့် မနေ့က ရက်စွဲနဲ့ ပေးပို့ခဲ့တဲ့ အိတ်ဖွင့်ပေးစာထဲမှာ ဖော်ပြထားပါတယ်။

ဒါပေမယ့် ဒီအချက်အလက်တွေကို အာမခံတဲ့ နိုင်ငံတကာ သဘောတူညီချက် C189 ကို မလေးရှားအစိုးရက လက်မှတ်ထိုး မထားတဲ့အတွက် မလေးရှားနိုင်ငံမှာ လာရောက် အလုပ်လုပ်ကိုင်နေတဲ့ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်စတဲ့ အိမ်ဖော် အလုပ်သမားတွေဟာ ခါးသီးတဲ့ အတွေ့အကြုံတွေကို ရင်ဆိုင် ခံစားနေရကြောင်းကိုလည်း အဲဒီအိတ်ဖွင့်ပေးစာထဲမှာ သတိပေး ဖော်ပြထားပါတယ်။