မြန်မာပြည် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အမေရိကန်စည်းမျဉ်း တခြားနိုင်ငံတွေပါ သုံးစွဲနိုင်

မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ အရေးယူမှုအများစုကို ပြန်လည်ရုတ်သိမ်းအပြီး၊ အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာပြည်တွင်း အမေရိကန် ရင်းနှီးမြှုပ်နှံမှုတွေကို သတိကြီးကြီးနဲ့ ခွင့်ပြုခဲ့တဲ့ နည်းစနစ်စည်းမျဉ်းပုံစံဟာ၊ တခြားအလားတူ နိုင်ငံတွေအတွက်လည်း စံပြဖြစ်လာနိုင်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတွေက ပြောဆိုကြောင်း New York Times သတင်းစာက ဖေါ်ပြပါတယ်။

မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံလုပ်ကိုင်ကြမယ့် အမေရိကန်ကုမ္ပဏီတွေဟာ လူ့အခွင့်အရေးနဲ့ အလုပ်သမား အခွင့်အရေးတွေကို လေးစားလိုက်နာမှု၊ သဘာဝပတ်ဝန်းကျင် မထိခိုက်အောင် ကာကွယ်ထိန်းသိမ်းမှု၊ လုပ်ငန်းလုပ်ရာမှာ လာဘ်ပေးလာဘ်ယူ ကင်းရှင်းမှုစတဲ့ အချက်တွေနဲ့ ပတ်သက်ပြီး ဆောင်ရွက်ပုံအဆင့်ဆင့်ကို လူသိရှင်ကြား အစီရင်ခံစာ ထုတ်ပြန်ကြေညာရမှာ ဖြစ်ပါတယ်။

ဒီမူဝါဒဟာ တနင်္လာနေ့က စတင်အသက်ဝင်ခဲ့ပါတယ်။

ဒီဆောင်ရွက်ပုံစည်းမျဉ်းဟာ တစ်နေ့မှာ အမေရိကန်စီးပွားရေး ပိတ်ဆို့မှုကနေ ကင်းလွတ်လာဖွယ်ရှိတဲ့ ကျုးဘားနဲ့ အီရန်လို နိုင်ငံတွေအတွက်လည်း ဆက်လက်အသုံးပြုနိုင်တဲ့ နည်းနာပုံစံ ဖြစ်လာနိုင်တယ်လို့ ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Danial Baer က ပြောပါတယ်။

မြန်မာမှာကျင့်သုံးတဲ့ပုံစံဟာ စီးပွားရေး ပိတ်ဆို့ခံဘဝက လွတ်မြောက်လာနိုင်တဲ့ နိုင်ငံတွေအတွက်သာမက တခြားအမေရိကန် ရင်းနှီးမြှုပ်နှံမှုရှိတဲ့နေရာတွေ အားလုံးအတွက်ပါ အသုံးပြုနိုင်ပါလိမ့်မယ်လို့ Danial Baer က ပြောဆိုခဲ့ပါတယ်။

မကြာခင်က ဘင်္ဂလားဒေ့ရှ် အထည်ချုပ်စက်ရုံတွေရဲ့ လုပ်ငန်းခွင်အခြေအနေ ဆိုးရွားညံ့ဖျင်းမှုကြောင့် အလုပ်သမားတွေ အများအပြား မကြာခဏ သေဆုံးခဲ့တဲ့ ဖြစ်ရပ်တွေကြောင့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အမေရိကန်က ကုန်သွယ်မှုဆိုင်ရာ လျှော့ပေါ့မှုတွေ ဖြတ်တောက်လိုက်ပါတယ်။

အမေရိကန်ကုမ္ပဏီတွေကတော့ အဲဒီလို အစီရင်ခံစာထုတ်ပြန်ကြေညာရမယ့် မူဝါဒကြောင့် မြန်မာပြည်ဈေးကွက်မှာ အမေရိကန်အနေနဲ့ ဥရောပကုမ္ပဏီတွေနဲ့ မယှဉ်ပြိုင်နိုင်ဘဲ ဖြစ်သွားလိမ့်မယ်လို့ ဝေဖန်ကြပါတယ်။

ဒါပေမယ့် လူ့အခွင့်အရေးအဖွဲ့တွေကတော့ အမေရိကန်ရဲ့ လက်ရှိပုံစံမှာ အစိုးရကပြဌာန်းထားတဲ့အတိုင်း မလိုက်နာတဲ့ ကုမ္ပဏီတွေကို ဘယ်လိုအရေးယူမယ်ဆိုတာ မပါဝင်သေးတဲ့အတွက် မပြည့်စုံသေးဘူးလို့ ဆိုကြပါတယ်။