အမေရိကန် အရာရှိ မြန်မာခေါင်းဆောင်များ နဲ့ တွေ့ဆုံ

အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာန လက်အောက်ခံ နိုင်ငံရေးဌာန အကြီးအကဲ Ms. Wendy Sherman ဟာ ရန်ကုန်နဲ့ နေပြည်တော်ကို မတ်လ ၆ ရက်နဲ့ ၇ ရက်နေ့မှာ သွားရောက်ခဲ့ပြီး၊ အစိုးရအရာရှိတွေရော၊ အတိုက်အခံ အဖွဲ့ခေါင်းဆောင်တွေကိုပါ တွေ့ဆုံခဲ့တယ်လို့ ရန်ကုန်မြို့ အမေရိကန်သံရုံးက မနေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

Wendy Sherman ဟာ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ သမ္မတရုံး ဝန်ကြီးတွေဖြစ်တဲ့ ဦးအောင်မင်း၊ ဦးစိုးသိန်းတို့ နဲ့ တွေ့ဆုံခဲ့သလို ဒေါ်အောင်ဆန်းစုကြည်နဲ့ လည်း တွေ့ဆုံခဲ့ပါတယ်။

အဲဒီတွေ့ဆုံပွဲတွေမှာ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ စီးပွါးရေးပြုပြင်ပြောင်းလဲမှုမှာ အထောက်အကူဖြစ်စေမယ့် အမေရိကန်-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။

ဒါ့အပြင် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ခေါင်းဆောင်တချို့ကိုလည်း အမေရိကန်သံရုံးမှာ တွေ့ဆုံခဲ့ပါတယ်။ အခုခရီးစဉ်ဟာ မြန်မာပြည်ကို Wendy Sherman ပထမဆုံးအကြိမ်သွားရောက်တဲ့ ခရီးဖြစ်ပါတယ်။