၂ နှစ်အတွင်း သစ်တော ဧရိယာ ဟက်တာ တစ်သန်းခွဲ လျော့နည်းသွား


2016.04.27
forest-620.jpg တောမီးလောင်ထားတဲ့ သစ်တောတစ်နေရာကို တွေ့ရစဉ်
.

ပြီးခဲ့တဲ့ ၂၀၀၂ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ သစ်တောဖုံးလွှမ်းမှု ဧရိယာဟာ ဟက်တာ ၁ ဒသမ ၅ သန်း လျော့နည်းသွားကြောင်း စိမ်းလန်းအမိမြေအသင်းက သုတေသနစစ်တမ်း ထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ သစ်တောဖုံးလွှမ်းမှုနဲ့ သတ္တုတူးဖော်ရေးဧရိယာပြောင်းလဲမှု သုတေသနစစ်တမ်း ထုတ်ပြန်ပွဲကို ဒီနေ့ ရန်ကုန်မြို့ Shangri-La ဟိုတယ်မှာ ကျင်းပခဲ့ပြီး အဖွဲ့ရဲ့ National Project Coordinator ဦးဘေါမ်ဇွန်းမ် က သစ်တောပြုန်းတီးမှုအကြောင်း အခုလိုပြောပါတယ်။

"၂၀၀၂ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အတွင်းမှာ ယေဘုယျအားဖြင့် သစ်တောဧရိယာ ဟက်တာ ၁.၅ သန်း လျော့နည်းသွားပြီးတော့ သစ်တောပျက်စီးမှုဟာ တစ်နှစ်မှာ ပျမ်းမျှ ဝ.၃ဝ ရာခိုင်နှုန်းဖြစ်ပါတယ်"

၂၀၁၄ ခုနှစ် စစ်တမ်းအရ မြန်မာနိုင်ငံရဲ့ သစ်တောဧရိယာဟာ ဟက်တာ ၄၂သန်းကျော်ရှိပြီး တိုင်းပြည် အကျယ်အဝန်းရဲ့ ၆၃ ရာခိုင်နှုန်းကို ဖုံးလွှမ်းထားတာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီခုနှစ်တွေအတွင်း စစ်တမ်းအရ ရှမ်း၊ စစ်ကိုင်း၊ ကချင်၊ တနင်္သာရီ၊ ကရင် ၊ ချင်း၊ ရခိုင်၊ ပဲခူး စတဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ သစ်တောပြုန်းတီးမှု အများဆုံးလို့ ပြောပါတယ်။

ဒါ့အပြင် ကချင်၊ ပဲခူး၊ ကယား၊ မန္တလေး၊ မွန်၊ စစ်ကိုင်း၊ ရှမ်း၊ တနင်္သာရီ စတဲ့ တိုင်းနဲ့ပြည်နယ်တွေမှာ သတ္တုတူးဖော်မှု အများဆုံးရှိပြီး မြန်မာတစ်နိုင်ငံလုံးမှာ သတ္တုတူးဖော်တဲ့စီမံကိန်းပေါင်း ၁၁၀၀ ကျော်ရှိနေပြီး သတ္တုတူးဖော်နေတဲ့ နေ ရာပေါင်း ၁၂၀၀ နီးပါးရှိတယ်လို့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။

သစ်တောဖုံးလွှမ်းမှုဧရိယာ နည်းလာတာဟာ သစ်ခုတ်တာ၊ သတ္တုတူးဖော်တာ၊ စိုက်ပျိုးမြေအဖြစ် အသုံးပြုတာ၊ အခြားမြေအဖြစ် ပြောင်းလဲအသုံးပြုတာကြောင့်လို့လည်း ပါရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။