မြန်မာအိမ်ဖေါ် ဟောင်ကောင် မခေါ်တော့

မြန်မာနိုင်ငံက အိမ်ဖေါ်တွေ မှာယူတင်သွင်းနေတဲ့ ဟောင်ကောင်အခြေစိုက် အိမ်ဖော် ကုမ္ပဏီတစ်ခုလုပ်ငန်း ရုတ်တရက် ရပ်ဆိုင်းလိုက်ကြောင်း ကြားသိရတဲ့ အတွက် အံ့အားသင့်သွားရတယ်လို့ မြန်မာအစိုးရ အလုပ်သမား ဝန်ကြီးဌာနက ပြောဆိုကြောင်း South China Morning Post သတင်းက ဖော်ပြပါတယ်။

Golden Mind အမည်ရှိ ဟောင်ကောင် အလုပ်အကိုင်ရှာဖွေရေး ကုမ္ပဏီ ပိတ်လိုက်တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် အင်္ဂါနေ့က မြန်မာအစိုးရ အလုပ်သမား ဝန်ကြီးဌာန အရာရှိတွေ နဲ့တွေ့ဆုံရာမှာ ပြောပြလိုက်တော့ မှ၊ အဲဒီ့ကုမ္ပဏီပိတ်လိုက်ပြီ ဆိုတဲ့ အကြောင်းသိသွား ကြတယ်လို့ ဟောင်ကောင်မြန်မာ ကုန်သည်ကြီးများအသင်း ဥက္ကဌ အဲလ်ဘတ်အောင် က ပြောဆိုကြောင်း သတင်းမှာဖော်ပြထားပါတယ်။

မြန်မာ အရာရှိတွေ အံ့သြသွားကြပြီး Golden Mind ကုမ္ပဏီနဲ့ ဆက်သွယ်မေးမြန်း စုံစမ်းမယ်လို့ ပြောဆိုကြောင်းလည်း သိရပါတယ်။

မြန်မာအိမ်ဖေါ်တွေ ခေါ်ယူခွင့်ရထားတဲ့ Golden Mind ကုမ္ပဏီ အမှုဆောင် ညွှန်ကြားရေးမှူး ကတော့ ပထမအဆင့် အနေနဲ့ မြန်မာအိမ်ဖေါ် နှစ်ရာ ခေါ်ယူပြီး ကတည်းက၊ မြန်မာအစိုးရက နောက်ထပ် အိမ်ဖေါ်တွေ ပို့မပေးတော့ကြောင်း၊ ပြီးခဲ့တဲ့ အောက်တိုဘာလက အိမ်ဖေါ် လေးရာ ပို့ပေးဖို့မှာကြားခဲ့ပေ မဲ့ ရောက်မလာခဲ့ကြောင်း၊ မြန်မာအလုပ်သမား ဝန်ကြီးနဲ့တွေ့ဆုံဖို့ မြန်မာပြည်ကို ဆယ်ကြိမ်မကဆက်သွယ်ခဲ့ပေမယ့် မတွေ့ခဲ့ရကြောင်း၊ အကျိုးအကြောင်း ရေးသား ထားတဲ့ စာသုံးစောင်လည်း ပေးပို့ခဲ့ကြောင်း၊ နောက်ဆုံး ဘယ်လိုမှ အလုပ်မဖြစ်တဲ့အတွက် ကုမ္ပဏီကို ပိတ်လိုက် ရတာဖြစ်ကြောင်း၊ ဒီလိုပိတ်လိုက်ရတာ မြန်မာအလုပ်သမား ဝန်ကြီးဌာန မသိဘဲနေမှာ မဟုတ်ကြောင်း South China Morning Post သတင်းကို ပြောဆိုခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဟေယင်ကောင်က မြန်မာကောင်စစ်ဝန်ရုံးကို South China Morning Post သတင်းစာက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် တစ်စုံတစ်ရာအကြောင်း မပြန်ဘူးလို့ ဖေါ်ပြပါတယ်။